Myanmar Transparency News

TNLA နယ်​မြေလုသိမ်းပိုက်ထားတဲ့ သီပေါမှာ အမျိုးသားတစ်ဦးက ကိုယ့်မိသားစုကိုယ် ဓားနဲ့ထိုးသတ်ဖြတ်လို့ ယောက္ခမ (၂)ဦး သေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရ

၂၄. ၂. ၂၀၂၅
Written by Nay Moe

TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ အမျိုးသားတစ်ဦးက ကိုယ့်မိသားစုဝင်တွေကို ဓားနဲ့ထိုး သတ်ဖြတ်တာကြောင့် ယောက္ခမ (၂)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖြစ်စဥ်က ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် ည ၇ နာရီအချိန်မှာ အသက် (၄၀)နှစ်အရွယ် စိုင်းမြင့်အောင်ဟာ အရက်သေစာသောက်သုံးပြီး ယောက္ခမဖြစ်သူ အသက် (၇၆)နှစ်အရွယ် ဒေါ်ပါထွေးအုပ်နဲ့ ယောက္ခထီးဖြစ်သူ အသက် (၇၄)နှစ်အရွယ် ဦးသိန်းထွန်းဆိုသူ (၂) ဦးတို့ကို ဓားနဲ့ထိုးသတ်ခဲ့တာပါ။

အဲဒီလို ထိုးခုတ်သတ်ဖြတ်မှုအတွင်းမှာ သူ့ရဲ့ ဇနီးသည် အသက် (၅၁) နှစ်အရွယ် ဒေါ်နန်းစံဦးက လည်ပင်းဒဏ်ရာရရှိခဲ့ပြီး အဲဒီနောက်မှာလည်း ဦးဝေဖြိုးဆိုသူရဲ့ နေအိမ်ကိုသွားရောက်ခဲ့ပြီး ဦးဝေဖြိုးရဲ့ခေါင်းကိုပါ ဓားနဲ့ ခုတ်ခဲ့တာပါ။

ဖြစ်စဥ်မှာ ပြစ်မှုကျူးလွန်သူ စိုင်းမြင့်အောင်ကို ဒေသခံပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးအပြီးမှာ TNLA လက်နက်ကိုင်တွေက အရေးယူမယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဖမ်းဆီးသွားတယ်လို့ သိရပြီး TNLA ကတော့ စိုင်းမြင့်အောင် ဘာကြောင့် လူသတ်တယ်ဆိုတဲ့ အကြောင်းအရင်းကို ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

မူရင်းသတင်း — Myanmar Transparency News