Myanmar Transparency News

ဈေးကြိုကားနဲ့ Express ယာဉ်တိုက်မိပြီး ဈေးကြိုကားပေါ်ပါ ယာဉ်မောင်းအပါအဝင် ဈေးသည် ၅ ဦးဒဏ်ရာရ

၃ .၃.၂၀၂၅
Written by Hey Mar

ဈေးကြိုကားနဲ့ Express ယာဉ်တိုက်မိပြီး ဈေးကြိုကားပေါ်ပါ ယာဉ်မောင်းအပါအဝင် ဈေးသည် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် သာကေတမြို့နယ်မှာ ဒီနေ့ မတ်လ ၃ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ အောင်ရဲသူလူမှုကူညီရေးအသင်း (AYT Recuse) ထံကနေ သိရပါတယ်။

ဖြစ်စဉ်က သာကေတမြို့နယ်၊ သာကေတအဝိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အပေါ်ကြောကနေ အဝိုင်းပတ်နေတဲ့ Express ယာဉ်ကို အောက်ကြောကနေ လားရာတူ အဝိုင်းပတ်နေတဲ့ ဈေးကြိုယာဉ်က လမ်းကြောမှားယွင်းဖြတ်ထွက်မိပြီး တိုက်မိတိမ်းမှောက်တာလို့ သိရပါတယ်။

အောင်ရဲသူ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဈေးကြိုကားက ငါးတွေ တင်လာတာပါ။ ပါလာကြတာလည်း ဈေးသည်အမျိုးသမီးတွေမို့ လေးဦးကတော့ ခေါင်းပေါက်သွေးထွက်ဒဏ်ရာရတာတွေ ရှိပါတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးကတော့ ပွန်းပဲ့ရုံပါ။ ပြင်းထန်ဒဏ်ရာရတာမျိုး မရှိပါဘူး” လို့ MT News က မြေပြင်အခြေအနေကို ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူတွေကို အောင်မင်္ဂလာလူမှုကူညီရေးအသင်းယာဉ်နဲမြင့်မြတ်အားမာန်လူမှုကူညီရေးအသင်းမှယာဉ်တို့က ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News