Myanmar Transparency News

အမြန်လမ်းမှာ ယာဥ်မောင်းအိပ်ငိုက်ရာက အဝေးပြေးယာဥ်တိမ်းမှောက်လို့ ခရီးသည် ၉ ဦး ဒဏ်ရာရ

၂၀. ၃. ၂၀၂၅
Written by Thettant

ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ယာဥ်မောင်းအိပ်ငိုက်ရာက အဝေးပြေးယာဥ်တိမ်းမှောက်လို့ ခရီးသည် ၉ ဦး ဒဏ်ရာရမှု ဒီမနက်ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ မတ်လ ၂၀ ရက် နံနက် ၄ နာရီ မိနစ် ၄၀ အချိန်ခန့်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၄၆/၀) ဖာလုံအနီးမှာယာဉ်မတော်တဆမှုဖြစ်ပွား‌ခဲ့တာဖြစ်ပြီး နေပြည်တော်ဘက်ကနေ မန္တလေးဘက်
မောင်းနှင်လာတဲ့ YUTONG အမျိုးအစား၊ ဖြူဝါနီရောင် Express ခရီးသည်တင်ယာဉ်ဟာ အခင်းဖြစ်မိုင်တိုင်အရောက်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းကို ဝင်ရောက်တိုက်မိခဲ့သလို အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရပ်တန့်သွးခဲ့တာပါ။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါယာဉ်မောင်း (၂)ဦး၊ ယာဉ်နောက်လိုက် (၃)ဦး၊ ခရီးသည် အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁၈)ဦး၊ စုစုပေါင်း(၂၆)ဦးအနက်၊ အမျိုးသမီး (၁)ဦး၊ အမျိုးသမီး (၈)ဦး၊ စုစုပေါင်း(၉)ဦး၊ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ EMS 192 လူနာတင်ယာဉ်နဲ့ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်ကို စကားအင်းအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်(၁+၄) ဦး၊ စကားအင်း အမြန်လမ်းရဲစခန်းက စခန်းမှူးအပါ တပ်ဖွဲ့ဝင်(၂+၇)ဦးတို့ကကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အမြန်လမ်းမီးသတ်တပ်ဖွဲ့

မူရင်းသတင်း — Myanmar Transparency News