Myanmar Transparency News

မနေ့ကည ၉ နာရီအချိန် လမ်းမတော်နဲ့ လသာမှာ လမ်းဘေးသွားလာနေသူတွေကို ကားဝင်တိုက်မှုနှစ်မှုဖြစ်ပွား၊ တစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ

၂၁.၃. ၂၀၂၅
Written by Thettant

မနေ့ကည ၉ နာရီအချိန်မှာ ကျောက်တံတားခရိုင်က လမ်းမတော်နဲ့ လသာမြို့နယ်တွေမှာ လမ်းဘေးသွားလာနေသူတွေကို ကားဝင်တိုက်မှု နှစ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပြီး ဒီယာဥ်တိုက်မှုကြောင့် တစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ Yangon Rescue Organization (YRO) ရဲ့ ကူညီဆောင်ရွက်မှုမှတ်တမ်းတွေအရ သိရပါတယ်။

ပထမဖြစ်စဥ်မှာ မနေ့က မတ်လ ၂၀ ရက် ည ၉ နာရီ အချိန်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့ လမ်းသစ်လမ်းဆုံမှာ အမျိုးသားတစ်ဦးကို Hijet ယာဥ်က ဝင်တိုက်တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ယာဥ်တိုက်ခံရသူကို အနီးရှိ အငှားယာဥ် (Taxi ) နဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး (​လမ်းမတော်) ထံ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါဖြစ်စဥ်သို့ YRO အဖွဲ့ဝင်”လင်းလက်-လူမှုကူညီရေးအသင်း”က စေတနာ့ဝန်ထမ်းတွေ ရောက်ရှိပြီး လိုအပ်တာတွေ ကူညီကာ ဆေးကုသမှုခံယူနေစဥ်မှာပဲ လူနာဟာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဒုတိယဖြစ်စဥ်အဖြစ် အဲဒီ ည ၉ နာရီ တစ်ချိန်တည်းမှာပဲ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့၂၄ လမ်းဆုံအနီးမှာ Light Truck ယာဥ်က လမ်းဘေးသွားလာနေသူတွေကို ဝင်တိုက်တဲ့ဖြစ်စဥ်တစ်ခု ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။

အဆိုပါဖြစ်စဥ်ကို YRO အဖွဲ့ဝင် “လင်းလက်-လူမှုကူညီရေးအသင်းနဲ့ မိတ်ဖက်ဖြစ်တဲ့ လသာမြို့နယ် ပရဟိတအသင်း”တို့က စေတနာ့ဝန်ထမ်းတွေ ရောက်ရှိကူညီခဲ့ပြီး ဖြစ်စဥ်ကြောင့် ကလေးမငယ်တစ်ဦးအပါအဝင် လူ ၈ဦး ထိခိုက်ဒဏ်ရာရခဲ့ရာမှာ ပြင်းထန်ဒဏ်ရာရသူ ၁ ဦး၊ သာမန်ထိခိုက်ဒဏ်ရသူ ၂ ဦးနဲ့ ပွန်းပဲ့သူ ၅ ဦးကို ကူညီပေးခဲ့ရတယ်လို့ သိရပြီး ယာဥ်တိုက်မှုဖြစ်စဥ်အပေါ် တာဝန်ရှိသူတွေက ဆက်လက် စစ်ဆေးအရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Photo, YRO, Kyaw Min tun ,Lin Latt

မူရင်းသတင်း — Myanmar Transparency News