Myanmar Transparency News

နံရံကပ်ပန်ကာ မော်တာအပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်မှု ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ယနေ့ ဖြစ်ပွား

၂၁.၃.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၅) ရပ်ကွက်၊ ဗိုလ်ချိုလမ်းတွင် ယနေ့ မတ်လ ၂၁ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က နံရံကပ်ပန်ကာ ဖွင့်ထားရာမှ မော်တာအပူလွန်ကဲပြီး နှစ်ထပ်နေအိမ် မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ပေ ၄၀၊ အနံ ပေ ၆၀ ရှိ အုတ်ညှပ်၊ သွပ်မိုး၊ ပျဥ်ခင်း၊ အုတ်ကာနှစ်ထပ်အိမ်၏ အပေါ်ထပ်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်ရှိ ကုတင်၊ မွေ့ယာနှင့် အတွင်းပစ္စည်းများ မီးလောင်ခဲ့သည်။
မီးလောင်မှုမှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၃ စီးဖြင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ်မီးလောင်မှုကြောင့် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးကြီးကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News