Myanmar Transparency News

စဉ့်ကိုင်မြို့နယ်တွင် ဂျင်ဝိုင်းနှင့် ကြက်တိုက်လောင်းကစား ပြုလုပ်သူ အမျိုးသမီး ၇ ဦးအပါအဝင် ၁၂ ဦးအား ဖမ်းဆီးအရေးယူ

၂၇. ၃. ၂၀၂၅
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် ဂျင်ဝိုင်းနှင့်ကြက်တိုက်လောင်းကစားပြုလုပ်သူ အမျိုးသမီး ၇ ဦးပါဝင်သော အဖွဲ့အား ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မတ်လ ၂၅ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ စိတ္တရကျေးရွာနေ ဦးကျင်ရွှေ(၆၇)နှစ်၏ သရက်ခြံတွင် လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း သတင်းအရ စဉ့်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ရာ မြောက်ကိုင်ကျေးရွာနေ ဟန်ဇော်မင်း(၂၅)နှစ်ပါ အမျိုးသား ငါးဦး၊ အမျိုးသမီး ခုနစ်ဦးတို့အား ဂျင်ဝိုင်းနှင့်ကြက်တိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၃,၃၇၄,၅၀၀ ကျပ်၊ ဆိုင်ကယ်မျိုးစုံ ၃၆ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ ဖုန်းမျိုးစုံ ၉ လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ဂျင်ဝိုင်းနှင့် ကြက်တိုက်လောင်းကစားမှုပြုသူ ခြံပိုင်ရှင် ဦးကျင်ရွှေနှင့် ဟန်ဇော်မင်းပါ ၁၂ ဦး တို့အား ပလိပ်နယ်မြေရဲစခန်းက (ပ)၁၂/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းနှင့် ဦးကျင်ရွှေအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News