Myanmar Transparency News

မူးယစ်ဆေးသုံးစွဲပြီး သူငယ်ချင်းကို သံချောင်းနဲ့ သေအောင် ရိုက်နှက်တဲ့ “ဝ”ရဲတပ်ဖွဲ့ဝင်ကို UWSA က လူမြင်ကွင်းမှာ သေဒဏ်ချ

MT News
၂၇. ၃. ၂၀၂၅

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသ မိုင်းမောခရိုင်၊ မိုင်းမောမြို့မှာ မူးယစ်ဆေးသုံးစွဲပြီး သူငယ်ချင်းနဲ့ စကားများရန်ဖြစ်ရာ သံချောင်းနဲ့သေဆုံးတဲ့ထိ ရိုက်နှက်ခဲ့တဲ့ “ဝ”ရဲတပ်ဖွဲ့ဝင်ကို UWSA တရားစီရင်ရေးဌာနက သေဒဏ်ချမှတ်ခဲ့တယ်လို့ UWSA ထိန်းချုပ် Wa News Land က ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူတဲ့ အသက် ၂၄ နှစ်အရွယ် ချိန်ဆိုင်တောင်းဟာ ရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ လူသတ်မှုကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ချိန်ဆိုင်တောင်းဟာ လူသတ်မှု မကျူးလွန်ခင်ကတည်းက ဥပဒေနဲ့မလွတ်ကင်းတဲ့ ပစ္စည်းဥစ္စာခိုးမှု၊ လိမ်လည်လှည့်ဖြားမှုနဲ့ မူးယစ်ဆေးသုံးစွဲမှုတို့ကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ဖူးသူဖြစ်တယ်လို့လည်း သိရပါတယ်။

“ဝ” ပြည်နယ်၊ တရားဥပဒေ အခန်း (၄) ရဲ့ ပုဒ်မ (၁၉၁) အရ လူသတ်မှုမြောက်တာကြောင့် ပြစ်မှုကို သေချာစိစစ်ပြီးနောက် ၂၀၂၅၊ မတ်လကုန်ပိုင်းအတွင်း လူပုံအလယ် မိုင်းပေါက်မြို့တရားစီရင်ရေးကွင်းမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

အလားတူ “ဝ” ပြည်နယ်၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့မှာ လူသတ်မှု ကျူးလွန်သူကိုလည်း ပြီးခဲ့တဲ့ ၂၀၂၄၊ အောက်တိုဘာလထဲက သေဒဏ်ချမှတ်ခဲ့ဖူးပါတယ်။

Ref & Photo Wa News Land – WSTV

မူရင်းသတင်း — Myanmar Transparency News