Myanmar Transparency News

အမျိုးသားတစ်ဦး အရက်မူးပြီး ကားကြမ်းခင်းက ဂီယာဘောက်စ်အပေါက်ထဲ ကျွံကျကာ သတိပြန်လည်မလာတဲ့အခြေအနေ ဖြစ်နေဟုဆို

၂၇. ၃ .၂၀၂၅
Written by Hey Mar

အရက်မူးပြီး ကားကြမ်းခင်းရဲ့ ဂီယာဘောက်စ်ကြားထဲ ကျွံကျရာက သတိမလည်တဲ့ လူနာတစ်ဦးကို ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ ကားဝပ်ရှော့ဆိုင်တစ်ဆိုင်ကနေ ကူညီသယ်ထုတ်ပေးခဲ့ရတဲ့ဖြစ်စဉ် မနေ့က မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ကြယ်စင်မေတ္တာ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ကားကြံ့ခိုင်မှု့ စစ်ဆေးဖို့နဲ့ ပြုပြင်ဖို့အတွက် ကားကြမ်းခင်းက ဂီယာဘောက်စ်အဖုံးဖွင့်လှစ်ထားစဉ် ညဘက်မှာ အဆိုပါယာဉ်ကို စောင့်ပေးရတဲ့ ယာဉ်မောင်းက အရက်မူးပြီး ကျွံကျခဲ့တာလို့ သိရပါတယ်။

ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းက “ညကတည်းက ပြုတ်ကျနေပုံရပါတယ်။ သူပြုတ်ကျတာကို ဘယ်သူမှလည်း မသိလိုက်ဘူးပေါ့။ မနက်မှ တွေ့ကြတာ။ မတ်တပ်ရပ်လျက်ကြီး သတိ‌မေ့တာ။ ကျွန်တော်တို့ ဘယ်လိုနှိုးနှိုး မနိုးဘူး။ ဆေးရုံကိုတော့ အသက်တော့ ပါပါတယ်။ ရှင်ဖို့အခြေအနေက ၃၀ ရာခိုင်နှုန်းပေါ့။ ဆရာဝန်တွေပြောတာတော့။ အခုထိတော့ သတိမလည်သေးပါဘူး”လို့ MT News ကို ပြောပါတယ်။

အဆိုပါ သတိမလည်တဲ့ အမျိုးသားကို သက်ဆိုင်ရာက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ရဲဆေးစာနဲ့အတူ ကြယ်စင်မေတ္တာ လူမှုကူညီရေး အသင်းပိုင်ယာဉ်နဲ့ မြောက်ဥက္ကလာဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News