Myanmar Transparency News

ရန်ဖြစ်တိုင်း လက်ပါတဲ့ယောကျ်ားကို မိန်းမဖြစ်သူက ကတ်ကြေးနဲ့ပြန်ထိုးရာက ယောကျ်ားဖြစ်သူ သေဆုံး

၂၈ .၃ .၂၀၂၅
Written by Hey Mar

မကြာခဏရန်ဖြစ်တိုင်း ရိုက်နှက်တတ်တဲ့ ယောကျ်ားကို ကတ်ကြေးနဲ့ ပြန်လည်ထိုးခဲ့ရာက ယောကျ်ားဖြစ်သူ နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာမှာ မနေ့က မတ်လ ၂၇ ရက် ည ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ‌ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးထံကနေ သိရပါတယ်။

ဖြစ်စဉ်က လှိုင်သာယာမြို့၊ အလယ်ကျေးရွာရှိ မိဘမေတ္တာအဆောင်မှာ နေထိုင်ရင်း ငွေပင်လယ်စက်မှုဇုန်မှာ အလုပ်လာရောက် လုပ်ကိုင်သူ၊ ဧရာဝတီတိုင်း၊ မော်ကျွန်းဒေသဘက်ဇာတိက အဆိုပါ ဇနီးမောင်နှံနှစ်ဦးမှာ ငွေကြေးအဆင်မပြေမှုနဲ့ ယောကျ်ားဖြစ်သူက အရက်သေစာသောက်စားမှုတွေကြောင့် မကြာခဏ ရန်ဖြစ်တိုင်း မိန်းမဖြစ်သူ ရိုက်နှက်ခံရကြောင်း အနီးပတ်ဝန်းကျင်က ပြောပြကြောင်းနဲ့ မနေ့က ညကလည်း ရန်ဖြစ်ရာက အပြန်အလှန်ရိုက်နှက်နေစဉ် မိန်းမလုပ်သူက အနီးရှိ ကော်ရိုးတပ်‌ကပ်ကြေးနဲ့ ဘယ်ဘက်ရင်အုံအောက်ထိုးမိရာက ယောကျ်ားဖြစ်သူ သေဆုံးသွားတာလို့ သိရပါတယ်။

“ကတ်ကြေးနဲ့ ထိုးတဲ့ မိန်းကလေးလည်း ဘယ်မှမသွားဘူး။ အလောင်းနားမှာပဲ ငိုနေတာ။ အသက်အရွယ်တွေက နှစ်ဆယ်ကျော်တွေပဲ။ ကောင်မလေးကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းပြီး ထိန်းသိမ်းသွားပါပြီ”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ‌MT News ကို ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကို လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်‌မြေရဲစခန်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကိုလည်း ဒေသခံလူမှုကူညီရေးအသင်းပိုင် မော်တော်ယာဉ်နဲ့ လှိုင်သာယာဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News