Myanmar Transparency News

ကျိုင်းတုံ – တောင်ကြီးလမ်းက စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်ယာဥ်တစ်စင်း ပေ ၅၀၀ ခန့် နက်တဲ့ ချောက်အတွင်းကျရာက ခရီးသည် ၇ ဦးသေဆုံး

၉. ၄. ၂၀၂၅
Written by Thettant

ကျိုင်းတုံ – တောင်ကြီးလမ်းက စပါယ်ရှယ်တောင်အဆင်းမှာ မနေ့ကည ၁၀ နာရီ မိနစ် ၄၀ ခန့်အချိန်က ခရီးသည်ယာဥ်တစ်စင်း ပေ ၅၀၀ ခန့် နက်တဲ့ ချောက်အတွင်းကျရာက ခရီးသည် ၇ ဦးသေဆုံးသွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

ဖြစ်စဥ်က မနေ့က ညသန်းခေါင်ယံအချိန်နားမှာ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၆၆/၆-၇ ကြားမှာ Rozer ၆ဘီး(ခရီးသည်) ယာဉ်ဟာ အရှိန်လွန်ရာက လမ်းရဲ့ယာဘက် ပေ(၅၀၀)ခန့်နက်တဲ့ ချောက်ထဲသို့ထိုးကျသွားတယ်လို့ သတင်းရရှိတာကြောင့် ကျိုင်းတုံခရိုင်မီးသတ်စခန်းက အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တာပါ။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၇)ဦး၊ အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၀)ဦးအနက် အမျိုးသား(၂)ဦး၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၂)ဦးတို့ သေဆုံးလို့ သေဆုံးဒဏ်ရာရသူတွေကို တိုင်းနေလူမှုကူညီရေးအသင်းနဲ့ နှလုံးလှပိုင်ရှင်များလူမှုကူညီရေးအသင်းယာဉ်တို့နဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စပါယ်ရှယ်တောင်အဆင်းလမ်းဟာ မကြာခဏယာဥ်တိမ်းမှောက်မှုဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ မတ်လ ၁ ရက် ည ၈ နာရီဝန်းကျင်ကလည်း ခရီးသည်တင်ယာဥ် ချောက်ထဲပြုတ်ကျတာကြောင့် ခရီးသည် ၇ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

မူရင်းသတင်း — Myanmar Transparency News