
ရီးယဲလ်မက်ဒရစ်လိုအသင်းကို ကြောက်ရွံ့ တုန်လှုပ်ခြင်းကင်းမဲ့စွာနဲ့ အကောင်းဆုံး ခြေစွမ်းပြခဲ့တယ်။ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပွဲဦးထွက်မှာ ပထမဦးဆုံးဂိုးကို သွင်းယူခဲ့တယ်။ မန်စီးတီးနဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီး ဟာလန်းရဲ့ အောင်ပွဲခံပုံမျိုးနဲ့ အောင်ပွဲခံခဲ့တယ်။ အသက် ၁၈ နှစ် အရွယ်မိုင်းစ်လူးဝစ်စကယ်လီရဲ့ ဒီရာသီ လင်းလက်ခြင်းတွေ ဖြစ်ပါတယ်။ စကယ်လီဟာ ထင်ရှားတဲ့ ဂိုးဖန်တီးမှုနဲ့ ဂိုးတွေ သွင်းနိုင်ရုံမျှမက ယူထားရသမျှ တာဝန်တွေကို အကျေပွန်ဆုံး ထမ်းဆောင်ပေးနေတဲ့၊ အရွယ်နဲ့မမျှအောင် တည်ငြိမ်တဲ့ လူငယ်ကြယ်ပွင့်ပဲ ဖြစ်တယ်။ အက်ရှ်လေကိုးလ် လက်သစ်ရယ်လို့ တင်စားခံရပြီး အက်ရှ်လေကိုးလ်ထက် ကျော်လွန်နိုင်တဲ့ အလားအလာမျိုးကိုတောင် ပြသနေသူ ဖြစ်တယ်။
ရီးယဲလ်မက်ဒရစ်လိုအသင်းကို ကြောက်ရွံ့ တုန်လှုပ်ခြင်းကင်းမဲ့စွာနဲ့ အကောင်းဆုံး ခြေစွမ်းပြခဲ့တယ်။ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပွဲဦးထွက်မှာ ပထမဦးဆုံးဂိုးကို သွင်းယူခဲ့တယ်။ မန်စီးတီးနဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီး ဟာလန်းရဲ့ အောင်ပွဲခံပုံမျိုးနဲ့ အောင်ပွဲခံခဲ့တယ်။ အသက် ၁၈ နှစ် အရွယ်မိုင်းစ်လူးဝစ်စကယ်လီရဲ့ ဒီရာသီ လင်းလက်ခြင်းတွေ ဖြစ်ပါတယ်။ စကယ်လီဟာ ထင်ရှားတဲ့ ဂိုးဖန်တီးမှုနဲ့ ဂိုးတွေ သွင်းနိုင်ရုံမျှမက ယူထားရသမျှ တာဝန်တွေကို အကျေပွန်ဆုံး ထမ်းဆောင်ပေးနေတဲ့၊ အရွယ်နဲ့မမျှအောင် တည်ငြိမ်တဲ့ လူငယ်ကြယ်ပွင့်ပဲ ဖြစ်တယ်။ အက်ရှ်လေကိုးလ် လက်သစ်ရယ်လို့ တင်စားခံရပြီး အက်ရှ်လေကိုးလ်ထက် ကျော်လွန်နိုင်တဲ့ အလားအလာမျိုးကိုတောင် ပြသနေသူ ဖြစ်တယ်။
ရီးယဲလ်နဲ့ပွဲမှာ မှတ်မှတ်ထင်ထင် ဖြစ်နေစရာ မြင်ကွင်းတစ်ခုရှိပါတယ်။ တင်မ်ဘာ ဒဏ်ရာရလို့ ကွင်းပြင် ခဏထွက်နေရတဲ့အချိန်မှာ အာဆင်နယ်အသင်းက ၁၀ ယောက်ပဲ ကျန်ပြီး စကယ်လီက ကွင်းလယ်ဗဟိုကနေ ဘောလုံးကို ထိန်းကျောင်းနေခဲ့တယ်။ ၁၈ နှစ်အရွယ် ကောင်လေးဟာ သူလုပ်ရမယ့် ပေးပို့မှုတွေကို တည်တည်ငြိမ်ငြိမ်၊ ဆုံးဖြတ်ချက်မှန်မှန်နဲ့ ပြုလုပ်သွားတယ်။ ဒါဟာ စကယ်လီရဲ့ အမှတ်အသားပဲ။ သူ့ဆီမှာ တည်ငြိမ်ခြင်းသရုပ်ကို အမြဲယှဉ်တွဲလျက် မြင်ရတယ်။ အထူးသဖြင့် ဘောလုံးကိုင်ထားတဲ့ အချိန်တွေမှာ သူ့ရဲ့ အရည်အသွေးက သြချရပါတယ်။
ဒီနေ့ခေတ် မော်ဒန်ဘောလုံးဟာ နောက်ခံအစွန်လူတွေအပေါ် တောင်းဆိုမှု မြင့်ပါတယ်။ overlapping ဆိုတဲ့ တောင်ပံကြောတစ်လျှောက် လွန်းထိုးပြေးလွှားပြီး တောင်ပံတိုက်စစ်ကစားသမားကို ပံ့ပိုးရတဲ့ အလုပ်ကိုလည်း လုပ်ရတယ်။ underlapping ဆိုတဲ့ ကွင်းလယ်နဲ့ပူးပေါင်း ပြီး ကစားကွက်တည်ဆောက်မှုကိုလည်း လုပ်ရတယ်။ ဖြစ်နိုင်ရင် အဲဒီအလုပ် ၂ မျိုးစလုံး လုပ်နိုင်တဲ့ နောက်ခံအစွန်လူတွေကို နည်းပြတွေ ကတောင်းဆိုလေ့ရှိတယ်။ ပုံစံတစ်မျိုးကို ကျွမ်းကျင်ရင်တောင် မော်ဒန်ဘောလုံးမှာ နေရာတစ်ခု ရရှိနိုင်ပါပြီ။ စကယ်လီက အဲဒီပုံစံ ၂ မျိုးစလုံး ကို ကျွမ်းကျင်တယ်။ ပွဲတစ်ပွဲတည်းမှာတင် ပုံစံ ၂ ခုစလုံးကို ပေါင်းစပ်ကစားပေးနိုင်တယ်။ ဒါဟာ ဒီလိုလူငယ်လေးတစ်ယောက်ဆီက မယုံနိုင် စရာကောင်းတဲ့ tactical intelligent ဖြစ်ပါတယ်။ အာဆင်နယ်ယူ-၁၈ နည်းပြ ဝေလ်ရှိုင်းယားကတော့ စကယ်လီရဲ့ စွမ်းဆောင်ရည်ကို ဒီလို ပြောပြတယ်။ "ခင်ဗျားအနေနဲ့ နည်းပြပညာနဲ့ ဖန်တီးလို့မရနိုင်တဲ့ အရည်အသွေးတွေပါပဲ"တဲ့။
လီဗာပူးလ်နဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြစ်သလို ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါကလည်း "မိုင်းလ် အခုကစားနေတဲ့ ပုံစံက ဇင်ချန်ကို အ ကြာကြီးကစားလာတဲ့ ပုံစံပါ။ ဒါပေမဲ့ မိုင်းလ်စ်က ဇင်ချန်ကိုထက် ပိုပြီး ထိရောက်တဲ့ ကစားပုံရှိသလို ပိုကောင်းတဲ့ ဘောလုံးအမြင်ကိုတောင် တွေ့ ရပါတယ်။ သူက ဘယ်ခြေသန်ကစားသမားတစ်ဦးအဖြစ် ဘယ်တောင်ပံမှာ ကစားတယ်။ ပြီးရင် အတွင်းကို ဝင်လာတယ်။ ပြီးရင် ပြိုင်ဘက်အသင်း ခံစစ်ဇုန်ထဲအထိ ဘောလုံးလမ်းကြောင်းတွေ ခင်းပေးနိုင်သူလည်းဖြစ်တယ်။ သူ့ အသက်အရွယ်နဲ့ ဒီလောက် ရင့်ကျက်တဲ့ ကစားပုံကို ပြသနိုင်ခဲ့တာက မယုံနိုင်စရာပဲ"လို့ ချီးကျူးခဲ့တယ်။
စကယ်လီဟာ အာဆင်နယ်လူငယ် အသင်းရဲ့ အတောက်ပဆုံးလူငယ်တွေအဖြစ် ဝမ်နာရီနဲ့အတူ ပေါ်ပေါက်လာခဲ့တယ်။ လူငယ်ပွဲတွေမှာ အစဉ်အလာကြီးတဲ့ မန်စီးတီးကို FA youth Cup မှာ အနိုင်ယူခဲ့ကြသူတွေ ဖြစ်တယ်။ ဒီရာသီမှာတော့ အသင်းကြီးစာရင်းကို ပေါက်ရုံမက စကယ်လီဟာ အဓိကကစားသမားပါ ဖြစ်လာတယ်။ အာဆင်နယ်အသင်းရဲ့ ကစားဟန် က တောင်းဆိုချက် မြင့်မားလွန်းပြီး ရှုပ်ထွေးတဲ့ စနစ်ဖြစ်ပါတယ်။ ဇင်ချန်ကို၊ ကာလာဖီအိုရီတို့လို စီနီယာတွေ၊ ထိပ်တန်းကစားသမားတွေတောင် ဟန်ချက်ညီအောင် ခက်ခက်ခဲခဲ ကစားရလေ့ရှိတယ်။ ဒါပေမဲ့ စကယ်လီက သူ့စီနီယာတွေထက် ပိုပြီး အံဝင်ခွင်ကျ ဖြစ်အောင် ကစားနိုင်တာကို တွေ့ရတယ်။
ဇင်ချန်ကိုက ကွင်းလယ်ကို တက်ကစားတာ ကျွမ်းကျင်ပေမဲ့ ခံစစ်ပိုင်း လိုအပ်ချက်တွေကို ဖာထေးတဲ့အပိုင်းမှာ လိုအပ်ချက်ရှိတယ်။ ကာလာဖီအိုရီလည်း ထိုနည်းလည်းကောင်းပါ။ နည်းစနစ်ပိုင်းအရည်အသွေးမြင့်ပေမယ့် နည်းနည်း အထလေးချင်တယ်။ သူက ပင်ကိုနောက်ခံအစွန်လူ မဟုတ်ပဲ အာဆင်နယ်မှာ အသင်းလိုအပ်ချက်အရ နောက်ခံအစွန်လူနေရာမှာ ကစားနေရတာကြောင့်လည်း ပါနိုင်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ဘယ်နောက်ခံလူနေရာမှာတော့ ကာလာဖီအိုရီ ကလည်း လုံလောက်တဲ့ ပေါ့ပါးဖျတ်လတ်မှုနဲ့ ပေါက်ကွဲအားမရှိတာကို တွေ့ရတယ်။ စကယ်လီ က overlapping မှာ ပုံစံမှန်အောင် ကစားနိုင်တယ်။ ကွင်းလယ်မှာ ကစားကွက်ဝင်ထိန်းနိုင်တယ်။ ပြီးတော့ Attacking-third zone မှာ သက်သောင့်သက်သာ ပါဝင်နိုင်သူဖြစ်ပါတယ်။ အသက်အရွယ်အရ အကောင်းဆုံးကြံ့ခိုင်မှု အခြေအနေကို မရောက်သေးသည့်တိုင် သူ့ဆီမှာ အားရစရာ ပေါက်ကွဲအားကိုလည်း တွေ့ရတယ်။ စကယ်လီက လူငယ်အဆင့်မှာ ကွင်းလယ်လူအဖြစ် ကစားခဲ့တာဖြစ်လို့ သူ့ရဲ့ ဘောလုံးကိုင် စွမ်းရည်၊ ပေးပို့မှုစွမ်းရည်ကလည်း သံသယဝင်စရာ မရှိပါဘူး။ ဒါကြောင့် မော်ဒန်ဘောလုံးနဲ့ ကိုက်ညီတဲ့ Full Back တစ်ယောက်ကို အာဆင်နယ် ပိုင်ဆိုင်ခွင့် ရရှိတာ ဖြစ်တယ်။
အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အွန်နရီက "တစ်ခါတလေ စကယ်လီ ပေးပို့တဲ့ ဘောလုံးအရည်အသွေးတွေက သာမန်ကွင်းလယ်လူလိုတောင် မဟုတ်ပဲ ပါရမီရှင် ကွင်းလယ်လူတွေသာ ပေးပို့နိုင်တဲ့ ဘောလုံးမျိုး ဖြစ်တယ်။ ဒါပေမဲ့ အက်ရှ်လေကိုးလ်နဲ့ နှိုင်းယှဉ်ဖို့ကတော့ စောပါသေးတယ်။ အက်ရှ်လေကိုးလ်လိုပဲ အရည်အသွေးမြင့် တိုက်စစ်ကစားဟန်မျိုးကို သူပိုင်ဆိုင်ထားပေမယ့် မာကျောမှုနဲ့ အကြမ်းခံမှုတွေက အက်ရှ်လေကိုးလ်လို ဖြစ်လာနိုင်ပါ့ မလားဆိုတာကို အဓိက စောင့်ကြည့်ရမယ့် အချက်တွေဖြစ်ပါတယ်"လို့ ဆိုခဲ့တယ်။ သေချာတာကတော့ စကယ်လီဟာ သူ့ရဲ့ ပထမဆုံး အသင်းကြီးအတွက် ကစားခွင့်ရတဲ့ ရာသီမှာတင် အက်ရှ်လေကိုးလ်ရဲ့ အင်္ဂလန်လက်ရွေးစင်ကစားဖော်နဲ့ အာဆင်နယ် အသင်းကစားဖော်ဟောင်း နာမည်ကျော်ကစားသမားကြီးတွေဆီက နှိုင်းယှဉ်ခံရတဲ့ အမြင်တွေကို ရရှိနေပြီဖြစ်ပါတယ်။
အရည်အသွေးရှိတဲ့ လူငယ်ကစားသမားတွေကို ပရိသတ်တွေ အများကြီး မြင်တွေ့ဖူးကြတယ်။ တချို့လည်း ဖြစ်သင့်သလောက် ဖြစ်လာတယ်။ တချို့လည်းကောင်းလည်း မြုပ်လိုက်နဲ့ နောက်ဆုံးမှာ ပျောက်သွားကြတယ်။ တည်ငြိမ်တဲ့ လူငယ်ကြယ်ပွင့်တစ်ဦး၊ အဲဒီကနေ ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာဖို့အတွက် အရေးကြီးတာက စိတ်ဓာတ်၊ ကြိုးစားမှုနဲ့ အနေအထိုင် ဖြစ်ပါတယ်။ ဒီအရာတွေနဲ့ ပတ်သက်လာရင်လည်း စကယ်လီဆီမှာ အားရစရာတွေ တွေ့ရပါတယ်။ သူ့ကို ကိုင်တွယ်ဖူးတဲ့ လူငယ်အဆင့်နည်းပြတိုင်းက ဒီကောင်လေးဟာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်း သူအဖြစ်ညွှန်းဆိုကြတယ်။ ဒါ့အပြင် ပေါင်းသင်း ဆက်ဆံရေးလည်း ကောင်းမွန်တယ်ဆိုတာကို တွေ့ရပါတယ်။
အာဆင်နယ်ရဲ့ ဆေးသိပ္ပံခေါင်းဆောင် လုပ်ခဲ့တဲ့ ဒက်စ်ရိုင်ယန်က "မိုင်းစ်က ကောင်းမွန်ပြီး လှုပ်ရှားသက်ဝင်တဲ့ ကာရိုက်တာ ပိုင်ဆိုင်ထားသူပါ။ သူက အဝတ်လဲခန်းထဲမှာ စွမ်းအင် ဖြစ်တယ်။ ပြုံးရွှင်နေတတ်ပြီး သူတစ်ပါး ကိစ္စကိုလည်း စိတ်ဝင်တစား ရှိတတ်တယ်။ အာလာပသလာပ ပြောတတ်တယ်။ စူးစမ်းလိုစိတ် မြင့်မားတယ်။ မိုင်းစ်ဟာ ကလေးဘဝကတည်းက လူငယ်တစ် ယောက်ရဲ့ Mindset မျိုး ဖြစ်နေပြီ"လို့ ဆိုပါတယ်။ အသင်းတာဝန်ရှိသူတွေက GPS တွေ Data တွေ နဲ့ အလုပ်လုပ်နေလို့ရှိရင် အရင်ဆုံးတောင်းဆိုတတ်၊ ကြည့်ရှုချင်တတ်တဲ့ ကောင်လေးဖြစ်တယ်။ သူ့မှတ်တမ်း ဘယ်လိုရှိသလဲ၊ သူ့ ဒေတာတွေ ဘယ်လို ရှိသလဲ၊ သူ ဘယ်နေရာတွေ တိုးတက် အောင် လုပ်ရမလဲ သိချင်နေတတ်သူ ဖြစ်တယ်။ ခံစစ်ပိုင်းမှာ လိုအပ်ချက်တချို့ ရှိနေသေးပေမဲ့ သူ့ရဲ့ လေ့လာတတ်တဲ့စရိုက်က ဒီအားနည်းချက်ကို ပြင်ဆင်နိုင်မယ်လို့ ယူဆရပါတယ်။
ဒါကြောင့်လည်း အချိန်တိုအတွင်းမှာ အာဆင်နယ်အတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာခြင်း ဖြစ်တယ်။ စီနီယာ ကစားသမားဘဝကို ၁၈ နှစ်အရွယ်နဲ့ ကစားနေရတဲ့ အချိန်အနည်းငယ်လေးအတွင်းမှာ စကယ်လီက တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြနေတယ်။ ရီးယဲလ်လိုအသင်းနဲ့ပွဲမှာ ဒါကို သက်သေပြနိုင်ခဲ့ခြင်းက သူ့ကို ပိုယုံကြည်မှု ရှိစေလိမ့်မယ်။ ဒီပုံစံမျိုးဟာ ဘယ်လင်ဟမ်၊ ဝိန်းရွန်နီ၊ ဖာဘရီဂတ်စ် တို့ ဆယ်ကျော်သက်အရွယ်မှာ ပြနေတဲ့ပုံစံမျိုး ဖြစ်တယ်။ အာဆင်နယ်အသင်းအနေနဲ့၊ Hale End အနေနဲ့ တောက်မယ့်မီးခဲ တရဲရဲ စကယ်လီလေးကို မွေးထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။