Eleven Media Group

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၈)ပွဲမြောက်အိမ်ကွင်းရှုံးပွဲနှင့် မန်ယူအသင်း ရင်ဆိုင်ခဲ့ရပြီး ၁၉၆၂-၆၃ ရာသီနောက်ပိုင်း အိမ်ကွင်းရှုံးပွဲအများဆုံးရာသီအဖြစ် မှတ်တမ်းဝင်

Photo: Reuters

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၈)ပွဲမြောက် အိမ်ကွင်းရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ၁၉၆၂-၆၃ ရာသီနောက်ပိုင်း အိမ်ကွင်းရှုံးပွဲအများဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၃၃) အဖြစ် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ ဝုလ်ဗ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ယခုရာသီ ပရီးမီးယားလိဂ်၌ အိမ်ကွင်းရှုံးပွဲ (၈)ပွဲအထိ ရှိသွားခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်၌ အိမ်ကွင်းတွင် (၆)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၈)ပွဲရှုံးခဲ့ပြီး လီဗာပူးလ်၊ စပါး၊ နော်တင်ဟမ်ဖောရက်စ်၊ ဘုန်းမောက်၊ နယူးကာဆယ်၊ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ် နှင့် ဝုလ်ဗ်အသင်းတို့ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်ခေတ်တစ်လျှောက် အိမ်ကွင်းရှုံးပွဲ အများဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့သည့်အပြင် အမှတ်ပေးပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သမျှတွင်လည်း ၁၉၆၂-၆၃ ရာသီနောက်ပိုင်း အိမ်ကွင်းရှုံးပွဲအများဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
၁၉၆၂-၆၃ ရာသီတွင် မန်ယူအသင်းသည် ပထမတန်းပြိုင်ပွဲ၌ အိမ်ကွင်းရှုံးပွဲ (၉)ပွဲအထိ ရှိခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ မှတ်တမ်းဆိုးနှင့် ရင်ဆိုင်ခဲ့ရသည့်အပြင် ယခုရာသီ ပရီးမီးယားလိဂ်တွင် ရှုံးပွဲ(၁၅)ပွဲ ရှိသွားပြီဖြစ်သည့်အတွက် ၁၉၈၉-၉၀ ရာသီနောက်ပိုင်း ရှုံးပွဲအများဆုံးရာသီအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
မန်ယူအသင်းသည် ၁၉၈၉-၉၀ ရာသီက အင်္ဂလန်ပထမတန်းပြိုင်ပွဲတွင် ရှုံးပွဲ(၁၆)ပွဲရှိခဲ့ခြင်း ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group