Eleven Media Group

■ လာလီဂါ ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်

Photo: FC Barcelona

♦ ဗလင်စီယာ - အက်စ်ပန်ညို (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် ည ၁၁:၃၀ နာရီ)

ဗလင်စီယာကတော့ တဖြည်းဖြည်းခြေငြိမ်လာပြီး တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကိုတောင် ရောက်လာတယ်။ ဒါပေမဲ့ အက်စ်ပန်ညိုကလည်း အခုတလော ခြေတွေ့နေပြီး နောက်ဆုံး အဝေးကွင်း (၂)ပွဲဆက် အနိုင်ရထားလို့ ဗလင်စီယာ သတိထားရမယ့် ပြိုင်ဘက်မျိုးဖြစ်နေတယ်။ ဒီနှစ်သင်းနောက်ပိုင်း တွေ့ဆုံတဲ့ပွဲတွေကလည်း သရေပွဲတွေများနေလို့ ဒီပွဲလည်း သရေပွဲဖြစ်ဖို့များပါတယ်။ ဂိုးနည်းမယ်။

♦ ဘာစီလိုနာ - မာယော့ကာ (မြန်မာစံတော်ချိန် ဧပြီလ ၂၃ ရက် နံနက် ၂:၀၀ နာရီ)

ဒီပွဲကစားပြီးတာနဲ့ ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်အဖြစ် El Clasico ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နဲ့ ကစားရမယ်။ ဒါကြောင့် မာယော့ကာနဲ့ပွဲက ဘာစီလိုနာ မီးစင်ကြည့်ကမယ့်ပွဲမျိုးဖြစ်နေတယ်။ ကစားသမား အပြောင်းအလဲတွေနဲ့ မာယော့ကာကို ဘာစီလိုနာ ရင်ဆိုင်ဖို့များတယ်။ မာယော့ကာကလည်း ရင်ဆိုင်ဖို့ခက်တဲ့အသင်းမျိုးဖြစ်နေလို့ ဘာစီလိုနာအသင်း သတိထားဖို့တော့ လိုအပ်ပါတယ်။ မာယော့ကာက နောက်ဆုံးကစားတဲ့ အဝေးကွင်းပွဲမှာ ဆိုစီဒက်ကို (၂-၀)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ကစားခဲ့ပြီး အတော်လေးအားကောင်းခဲ့တာကိုလည်း တွေ့ရတယ်။ ဒါ့အပြင် မာယော့ကာအသင်းအနေနဲ့ ဒီပွဲကို အာရုံစိုက်ကစားလာဖို့ ရှိနေတယ်။ ဘာစီလိုနာကတော့ အခု မာယော့ကာနဲ့ကစားပြီးရင် ပွဲကျပ်တွေ တောက်လျှောက် ကစားရတော့မှာဖြစ်တာကြောင့် အဓိက ကစားသမားအတော်များများကို အနားပေးထားဖို့များနေတယ်။ ဘာစီလိုနာအသင်း အနိုင်ရဖို့များပေမဲ့ ဂိုးပြတ်ဖို့တော့ မဖြစ်နိုင်လောက်ပါဘူး။ (၂)သင်းပေါင်း သွင်းဂိုးအနည်းကို ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group