
ယခုရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို နော်တင်ဟမ်ဖောရက်စ်နည်းပြ နူနိုဆန်တို ရရှိသင့်သည်ဟု သုံးသပ်မှုများရှိနေကြောင်း သိရသည်။ Daily Mail ၏ ဆောင်းပါးရှင်တစ်ဦးဖြစ်သူ မတ်ဘာလိုးက နူနိုဆန်တိုသည် ပြီးခဲ့သည့်ရာသီက တန်းဆင်းအန္တရာယ်မှ လွတ်မြောက်ရန် ရုန်းကန်ခဲ့ရသည့်အသင်းကို ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နိုင်သည့်အသင်းဖြစ်အောင် စွမ်းဆောင် ပေးထားနိုင်သည့်အတွက် အကောင်းဆုံးနည်းပြဆုရရှိသင့်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။ နူနိုဆန်တိုအနေဖြင့် နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကမှ စတင်ကိုင်တွယ်ခဲ့ပြီး အသင်းကို ရုတ်ချည်းပြောင်းလဲပေးခဲ့သည်။ နူနိုဆန်တိုသည် ယခုရာသီတွင် ပရီးမီးယားလိဂ်၏ တစ်လတာအကောင်းဆုံးနည်းပြဆုကို (၃)ကြိမ်အထိ ရရှိထားသူဖြစ်သည်။ ၎င်းအနေဖြင့် ယခုရာသီအတွင်း အောက်တိုဘာလ၊ ဒီဇင်ဘာလနှင့် မတ်လများတွင် တစ်လတာအကောင်းဆုံးနည်းပြဆုများ ရရှိခဲ့သည်။ ယခင် ဝုလ်ဗ်၊ စပါးအသင်းများနှင့် လေးကြိမ် ရရှိထားခဲ့သဖြင့် စုစုပေါင်း ခုနစ်ကြိမ်အထိ ရယူနိုင်ခဲ့သည်။ ဆုအများဆုံးရစာရင်းတွင် အာဆင်နယ်အသင်းနည်းပြ အာတီတာ၊ လီဗာပူးလ်နည်းပြဟောင်း ဘင်နီတက်ဇ်တို့နှင့်အတူ အဆင့် ၈ နေရာ၌ ပူးတွဲရပ်တည်နေသည်။