Eleven Media Group

ဘာစီလိုနာ၊ PSG နဲ့ ဖလား သုံးလုံးအိပ်မက်ကိုယ်စီ

Photo : X

လက်ရှိဥရောပမှာ ဖလားသုံးလုံးမျှော်လင့်ချက် မှန်းနိုင်တဲ့အသင်းတွေအဖြစ် ဘာစီလိုနာနဲ့ PSG (၂)သင်းပဲ ရှိနေပါတယ်။ အဲဒီ(၂)သင်းရဲ့ တိုက်စစ်အသားပေးကစားဟန်ကလည်း ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်တာတွေ့ရတယ်။ ဒီအထဲမှာမှ ပိုမြင့်တဲ့လိဂ်မှာ ကစားနေတဲ့၊ ပိုလည်း လှပကျော့ရှင်းတဲ့ ဘာစီလိုနာက ပိုချီးကျူးဖို့ ကောင်းနေပါတယ်။ တိုက်စစ်အသားပေးလည်း ကစားနိုင်၊ ဖလားလမ်းကြောင်းတွေပေါ်မှာလည်း တစိုက်မတ်မတ်ရှိနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ရှိနေဖို့ဆိုတာ ပိုတောင်မလွယ်ဘူး။ ဘာစီလိုနာနဲ့ PSGအသင်းကို ယှဉ်ကြည့်မယ်ဆိုရင်တောင် PSGရဲ့ ခံစစ်က ထိပ်သီး နောက်ခံလူတွေနဲ့အတူ တောင့်တင်းတာကို တွေ့ရပါလိမ့်မယ်။

လက်ရှိဥရောပမှာ ဖလားသုံးလုံးမျှော်လင့်ချက် မှန်းနိုင်တဲ့အသင်းတွေအဖြစ် ဘာစီလိုနာနဲ့ PSG (၂)သင်းပဲ ရှိနေပါတယ်။ အဲဒီ(၂)သင်းရဲ့ တိုက်စစ်အသားပေးကစားဟန်ကလည်း ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်တာတွေ့ရတယ်။ ဒီအထဲမှာမှ ပိုမြင့်တဲ့လိဂ်မှာ ကစားနေတဲ့၊ ပိုလည်း လှပကျော့ရှင်းတဲ့ ဘာစီလိုနာက ပိုချီးကျူးဖို့ ကောင်းနေပါတယ်။ တိုက်စစ်အသားပေးလည်း ကစားနိုင်၊ ဖလားလမ်းကြောင်းတွေပေါ်မှာလည်း တစိုက်မတ်မတ်ရှိနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ရှိနေဖို့ဆိုတာ ပိုတောင်မလွယ်ဘူး။ ဘာစီလိုနာနဲ့ PSGအသင်းကို ယှဉ်ကြည့်မယ်ဆိုရင်တောင် PSGရဲ့ ခံစစ်က ထိပ်သီး နောက်ခံလူတွေနဲ့အတူ တောင့်တင်းတာကို တွေ့ရပါလိမ့်မယ်။ ဘာစီလိုနာဟာ ဒီရာသီ တစ်လျှောက်လုံးမှာ ကူဘာဆီ-အီနီဂိုအတွဲနဲ့ ကစားခဲ့ရတာပါ။ အသက် (၁၈)နှစ်အရွယ် ကောင်လေးနဲ့ အသက် (၃၃)နှစ်အရွယ် တစ်ပတ်နွမ်း ကစားသမားတို့ ဖြစ်ပါတယ်။ ခံစစ်က အကောင်းကြီး မဟုတ်ပေမဲ့ ဘာစီလိုနာဟာ တစ်သင်းလုံးခြုံကြည့်တဲ့အခါ စိတ်ချရတဲ့ ကစားဟန်တစ်ခုကို ကစားနိုင်ပြီး အထူးသဖြင့် သူတို့ရဲ့ တိုက်စစ်စွမ်းအင်ကောင်းတွေကြောင့် ခံစစ်ပြဿနာတွေကိုလည်း လျှော့ချနိုင်ခဲ့ပါတယ်။

ဘာစီလိုနာရဲ့ တိုက်စစ်က တော်တော်လေးကြောက်ဖို့ ကောင်းပါတယ်။ ကိန်းဂဏန်း မှတ်တမ်းတွေမှာ အံ့မခန်း ဖြစ်ရလောက်အောင် ဂိုးတွေ သွင်းပြနိုင်တဲ့အပြင် သူတို့ရဲ့ တစ်ပွဲလုံးပေးနေတဲ့ အန္တရာယ်က သာလွန်အဆင့် ဖြစ်ပါတယ်။ တစ်ချက်ကလေးမှ လွှတ်ပေးလိုက်လို့ မရပါဘူး။ လက်ရှိမှာ တချို့သော ထိပ်သီးအသင်းတွေဟာ ပြိုင်ပွဲအရပ်ရပ်ပေါင်းလို့ ဂိုး(၁၀၀) မပြည့်ကြသေးပေမဲ့ ဘာစီလိုနာဟာ ဇန်နဝါရီလကတည်းက ဂိုး(၁၀၀) ပြည့်ပြီးပါပြီ။ ဇန်နဝါရီ(၂၅)ရက်ကတည်းက ဘာစီလိုနာက ဂိုး (၁၀၀)သွင်းထားနိုင်ခဲ့ပါတယ်။ လက်ရှိလာလီဂါမှာ (၈၄)ဂိုး၊ ချန်ပီယံလိဂ်မှာ (၃၆)ဂိုး၊ စပိန်ဘုရင့်ဖလားမှာ (၁၉)ဂိုး၊ စပိန်စူပါဖလားမှာ (၇)ဂိုး၊ စုစုပေါင်း (၁၄၆)ဂိုး သွင်းယူထားပါတယ်။ တစ်ပွဲပျမ်းမျှ (၃)ဂိုးနှုန်း ရှိတယ်။ ဒါက ရာသီ ကုန်ခါနီးအချိန်မှာ လက်ဖျားခါအောင်ကောင်းတဲ့ ပမာဏကြီး ဖြစ်ပါတယ်။

ဒီအတွက် အခရာကျတာကတော့ သူတို့ရဲ့ တိုက်စစ်မှော်ဆရာ သုံးယောက်ပါပဲ။ ရာဖင်ညာ၊ လီဝန်ဒေါစကီးနဲ့ လာမင်းယမားလ်တို့က မယုံနိုင်စရာကောင်းလောက်တဲ့ စွမ်းဆောင်ရည်၊ တွဲဖက်ညီမှုတွေနဲ့အတူ ဘာစီလိုနာကို အကောင်းဆုံး တိုက်စစ် ဖြစ်နေစေတယ်။ ဒီလိုတိုက်စစ်ကောင်းဖို့ ပတ်ဒရီ၊ ကာဆာဒို၊ ဒီယွန်းတို့ရဲ့ ကွင်းလယ်၊ အဲလက်စ်ဘယ်လ်ဒီ၊ ခွန်ဒဲတို့ရဲ့ ကူညီမှုတွေက လည်း သိသိသာသာ အထောက်အကူပေးပါတယ်။ ဒါပေမဲ့ ထက်မြက်ရခြင်းရဲ့ အဓိကဝင်ရိုးက တိုက်စစ်သုံးယောက်စလုံးက ကောင်းလွန်းနေလို့ပါ။ အဆုံးသတ်လည်းကောင်း၊ ဖန်တီးနိုင်စွမ်းလည်းကောင်းတဲ့၊ အခြားတစ်သင်းသင်း လိုက်တုပြီး မီအောင်ကစားဖို့အတွက် မလွယ်ကူတဲ့ တိုက်စစ်စုဖွဲ့မှု ဖြစ်တယ်။ ဒီသုံးယောက်ဟာ အရွယ် သုံးခု၊ ခေတ်သုံး ခုကို ကိုယ်စားပြုပါတယ်။ လီဝန်ဒေါစကီးက (၃၅) နှစ်အထက်၊ ရာဖင်ညာက (၂၅)နှစ်အထက်ဖြစ်ပြီး ယမားလ်ကတော့ အသက် (၁၇)နှစ်အရွယ် ချာတိတ်လေးပါ။ သူတို့ဆီမှာ သူတို့ဖြတ်သန်းခဲ့တဲ့ ခေတ်၊ ဘဝကပေးတဲ့ ခြေရာလက်ရာတွေနဲ့ ပြည့်နေပြီး ဒါတွေက သူတို့ဟာ သူတို့ရဲ့ ပါရမီနဲ့ ပေါင်းစပ်ကစားတယ်။ ဒီလိုနဲ့ အခု မြင်နေရတဲ့ တိုက်စစ်စွမ်းရည် ထွက်ပေါ်လာပါတယ်။ လီဝန်ဒေါစကီးဟာ ယာဂန်ကလော့ပ်၊ ဂွါဒီယိုလာတို့နဲ့ လက်တွဲခဲ့ပြီး မော်ဒန်တိုက်စစ်မှူး၊ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး တစ်ယောက် ဖြစ်ခဲ့တယ်။ ထိပ်သီးအသင်းတွေရဲ့ ဂိုးသွင်းစက်ဖြစ်ခဲ့တယ်။ ရာဖင်ညာက ကျပ်တည်း တဲ့ဘဝကလာတဲ့ ရုန်းကန်သူ ဖြစ်တယ်။ ဘာစီလိုနာမှာလည်း နေရာရဖို့တောင် ရုန်းကန်ခဲ့ရပြီး အခုအချိန်မှာလည်း သူ့ရဲ့ ရုန်းကန်တဲ့စွမ်းအားက အသင်းကို အထောက်အကူဖြစ်တယ်။ လာမင်းယမားလ်ကတော့ လာမာစီယာက ထွက်လာတဲ့ ပါရမီရှင် ဖြစ်တယ်။ ဒီဝိသေသတွေကို ဟန်ဆီဖလစ်ခ်က အကောင်းဆုံး ပေါင်းစပ်ပြီး လွတ်လပ်စွာ စီးဆင်းစေလိုက်တယ်။ ဒီလိုနဲ့ ဂိုးတွေ ဒလဟော ထွက်ကျလာတော့တာပါပဲ။

ဒီတိုက်စစ်အတွဲဟာ လာလီဂါမှာ (၄၄)ဂိုးသွင်းထားပြီး ဂိုးဖန်တီးမှု (၂၁)ကြိမ် လုပ်ထားတယ်။ ချန်ပီယံလိဂ်မှာ (၂၇)ဂိုးသွင်းပြီး (၁၀)ကြိမ် ဖန်တီးထားတယ်။ စပိန်ဘုရင့်ဖလားမှာ (၆)ဂိုးသွင်း၊ (၇)ကြိမ် ဖန်တီး၊ စပိန်စူပါဖလားမှာ (၅)ဂိုးသွင်း (၂) ကြိမ် ဖန်တီးထားကြတယ်။ စုစုပေါင်း (၈၂)ဂိုးသွင်း ပြီး ဂိုးဖန်တီးမှု အကြိမ်(၄၀) လုပ်ထားတာပါ။ ဒါဟာ အလွန်အင်မတန်ကြောက်ဖို့ကောင်းတဲ့ ပမာဏတစ်ခုဖြစ်ပြီး Tiki-taka ခေတ်တစ်ခုကို ပြန်တမ်း တဖွယ် ဖြစ်ပါတယ်။ ဒီရာသီမှာ ရီးယဲလ်ကို (၅) ဂိုးပြတ်၊ ဘိုင်ယန်ကို (၄)ဂိုးပြတ်သွင်းတဲ့ ပွဲတွေ အပါအဝင် ဂိုးပြတ်ပွဲပေါင်းများစွာကို ကစားခဲ့တယ်။ ဒါဟာ သူတို့ရဲ့ ဖလား သုံးလုံးအိပ်မက်ကို အပြည့် အဝအသက်သွင်းနေတဲ့ စွမ်းအားကြီးတစ်ခုလည်း ဖြစ်ပါတယ်။ တိုက်စစ်မှော်ဆရာ သုံးယောက်နဲ့ အတူ ဖလားသုံးလုံးအိပ်မက်က အမှန်တကယ် သက်ဝင်နေတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာလောက် ပြောစရာမများပေမဲ့ သူတို့လိုပဲ ပရိသတ်တွေ မျက်စိကျလောက်အောင် ကစားပြနိုင်တဲ့ နောက်တစ်သင်းက PSG ပါ။ ဒီအသင်းကလည်း ဦးဆောင်သူကစားသမားက ဘာစီလိုနာကစားသမားဟောင်း၊ ဦးဆောင်သူ နည်းပြက ဘာစီလိုနာ နည်းပြဟောင်းဆိုတဲ့ ဘာစီလိုနာ အငွေ့အသက်မကင်းတဲ့ အသင်းမျိုးပါ။ ဒမ်ဘီလီရဲ့ ဇာတ်လမ်းက ပြဇာတ်တစ်ပုဒ်လိုပါပဲ။ နေမာ ထွက်သွားတဲ့နောက် မျှော်လင့်ချက်တစ်ခုအဖြစ်၊ အနာဂတ်တစ်ခုအဖြစ် အားကိုးတကြီး အခေါ်ခံရတဲ့ ကစားသမားဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဘာစီလိုနာက သူ့ကို ခေါ်ခဲ့ခြင်းအတွက် ပြောင်းရွှေ့ကြေးနဲ့ လစာငွေအပြင် ဆေးရုံစရိတ်တွေပါ ထောင်းသွားတယ်လို့ ပြောရလောက်အောင် ဒဏ်ရာပြဿနာတွေနဲ့ လုံးပါးပါးခဲ့ပါတယ်။ ဒီလောက်ဒဏ်ရာတွေ နဲ့ လုံးပန်းနေရတဲ့ ကစားသမားဟာ ဒဏ်ရာပြဿနာတွေကနေ လွတ်ကင်းစပြုလာချိန်မှာ ဘာစီလိုနာမှာ ဆက်ကစားဖို့ မရွေးချယ်ဘဲ PSG အသင်းကို ပြောင်းရွှေ့သွားခဲ့တာက ဘာစီလိုနာအသင်းအတွက် ရင်နာစရာပါ။ အခြားတစ်ဖက်မှာတော့ ဒမ်ဘီလီက ယမားလ်အတွက် လမ်းစဖွင့်ပေးခဲ့တာပါလို့ ပြန်သတ်မှတ်ရမလို ဖြစ်ခဲ့ပါတယ်။ ဒမ်ဘီလီနဲ့ ရာဖင်ညာတို့အတူ ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ်ကို ဦးဆောင်ကစားခဲ့ရင်း ယမားလ်နေရာရလာချိန်မှာ ရာဖင်ညာအတွက်နေရာက ခက်ခဲလာတယ်။ ဒီအချိန်မှာ ဒမ်ဘီလီက ထွက်ခွာသွားခဲ့ပြီး ရာဖင်ညာအတွက် နေရာလွတ်တစ်ခု ပြန်ပေါ်လာပါတယ်။ လွယ်လွယ်ကူကူ ပေါ်လာတာမျိုးမဟုတ်ပေမဲ့ ရာဖင်ညာ ရလိုက်တဲ့ နေရာပါ။ အခုတော့ ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး တုိက်စစ်ကစားပုံကို ပြသနေသူ သုံးဦးဟာ ရာဖင်ညာ၊ ဒမ်ဘီလီနဲ့ ယမားလ်တို့ ဖြစ်နေတာကလည်း ကံဇာတ်ဆရာရဲ့ ထူးခြားတဲ့အလို ဆန္ဒလား မပြောတတ်တော့ပါဘူး။

ကမ်ပို့စ်နဲ့ အန်နရီကေးတို့ အရောင်တင်ပေးနေတဲ့ PSG အသင်းကလည်း ဘာစီလိုနာလိုပဲ ဆယ်ကျော်သက် လူငယ်ကြယ်ပွင့်တွေကို ရဲရဲ တင်းတင်းနေရာပေးရင်း နေမာ-မက်ဆီ-အမ်ဘာပေတို့ တိုက်စစ်အတွဲ မဖော်ဆောင်နိုင်ခဲ့တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ နီးစပ်လာခဲ့ပါတယ်။ ဒီအသင်းမှာ ဦးဆောင်သူ ဒမ်ဘီလီကို ဖယ်လိုက်ရင် နောက်ထပ် အဓိက ကစားသမားတွေထဲက ဘာကိုလာနဲ့ ဒူအီတို့က ပါရမီရှင်လူငယ် ကြယ်ပွင့်လေးတွေဖြစ်ပါတယ်။ ဒီကစားသမားတွေကို အတွေ့အကြုံရင့်သူတွေနဲ့ ထိပ်တန်းကစားသမားတွေ ပေါင်းစပ်လိုက်ချိန်မှာ PSG ရဲ့ ဟန်ချက်က ပိုညီသွားပြီး ကစားပုံက ပိုစွဲမက်စရာဖြစ်လာပါတယ်။

ခါဗာရာဆကယ်လီယာနဲ့ နယ်ဗီးစ်တို့ဟာ PSG ကို လုံး၀ အသွင်ပြောင်းသွားစေသူတွေ ဖြစ်ပါတယ်။ ဖာဘီယန်ရုဇ်-ဗီတင်ညာ-နယ်ဗီးစ် ကွင်းလယ်အတွဲဟာ ဥရောပထိပ်တန်းကွင်းလယ်ကို ပိုင်ဆိုင်ထားတဲ့အသင်းတွေအပေါ် အသာစီးက ကစားပြခဲ့တယ်။ အထူးသဖြင့် ဒီရာသီမှာ အကောင်းဆုံးပုံစံကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်ကို Outplayed လုပ်ပြခဲ့တယ်။ ခါဗာရာဆကယ် လီယာ-ဒမ်ဘီလီ-ဒိုဝီ၊ သို့မဟုတ် ဘာကိုလာ-ဒမ်ဘီလီ -ခါဗာရာဆကယ်လီယာ တိုက်စစ်အတွဲကလည်း ဘယ်လို ခံစစ်ကိုမဆို ချောက်ချားစေတဲ့ တစ်ဦးချင်း အရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ်။ ဘာစီလိုနာလောက် တိုက်စစ်ကိန်းဂဏန်းတွေက မထူးခြားပေမဲ့ PSG ကလည်း သူ့အတိုင်းအတာနဲ့သူ ကြောက်စရာကောင်းတဲ့အသင်းပါ။ ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲလမ်းကြောင်းရဲ့ တစ်ဖက်တစ်ချက်စီကို ရောက်နေပါတယ်။ အင်တာမီလန်နဲ့ အာဆင်နယ်တို

့ရဲ့မာကျောမှုတွေကို ဖြိုဖျက်ပြရဖို့ ကြိုးစားရမယ့် အသင်းတွေ ဖြစ်ပါတယ်။ ပြီးတော့ ဖလားသုံးလုံးအိပ်မက်ကို ကိုယ်စီမျှော်လင့်နေတဲ့ အသင်းတွေဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group