Myanmar Transparency News

အုပ်စုဖွဲ့ကာ ဆိုင်ကယ်လိုက်ခိုးနေသော တအာင်းလူမျိုးငါးဦးကို တအာင်းလက်နက်ကိုင် TNLA ပြန်ဖမ်း

၂၅. ၄. ၂၀၂၅
Written by Thettant

TNLA နယ်မြေလုယက်သိမ်းယူထားသော နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ်၊ မြို့သစ်ကျေးရွာတွင် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့် တအာင်းအမျိုးသား (၅)ဦးကို TNLA ရဲတပ်ဖွဲ့က ဧပြီလ (၃)ရက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ယနေ့ထုတ်ပြန်သည်။

၎င်းတို့သည် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး မြို့သစ်ကျေးရွာအနီးရှိ ဒေသခံများ၏ ဆိုင်ကယ်များကို လိုက်လံခိုးယူခဲ့သည်။ ခိုးယူရရှိလာသည့်ဆိုင်ကယ်များကိုလည်း စျေးနှုန်းချိုသာစွာဖြင့်  ပြန်လည်ရောင်းချခဲ့သည်။

အဆိုပါ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့်အဖွဲ့ကို ဒေသခံများမှ TNLA ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့သည့်နောက် TNLA ရဲတပ်ဖွဲ့နှင့် ဒေသခံ ပူးပေါင်းပြီး ထိုအဖွဲ့ကို ဆိုင်ကယ် (၇)စီးနှင့်အတူ ကွင်းဆက်ဖမ်းဆီးရမိခဲ့သည်။

ထိုဆိုင်ကယ်ခိုးသူများသည် TNLA ကဲ့သို့ တအာင်းလူမျိုးများဖြစ်သည့် အသက် (၂၄)နှစ်အရွယ် မိုင်းအမောင်၊ အသက် (၁၄)နှစ်အရွယ် မိုင်းကျော်သူ၊ အသက် (၁၆)နှစ်အရွယ် မိုင်းနေထက်လင်း၊ အသက် (၂ဝ)နှစ်အရွယ် မိုင်းမျိုးအောင်နှင့် အသက် (၂၂)နှစ်အရွယ် မိုင်းချမ်းထိုက်စံတို့ဖြစ်ကြသည်ဟုလည်း TNLA က ပြောသည်။

မူရင်းသတင်း — Myanmar Transparency News