Myanmar Transparency News

အမြန်လမ်းပေါ် ဆိုင်ကယ်တက်မောင်းသည့်ညီအစ်မ ကားတစ်စီးနှင့်တိုက်မိရာက ပွဲချင်းပြီး သေဆုံးကုန်ကြသော်လည်း ဆိုင်ကယ်တက်ရောက်မောင်းနှင်ခွင့်မရှိသောအမြန်လမ်းပေါ် ဆိုင်ကယ် မောင်းမှုအတွက် သေဆုံးသူသာ အမှုဖွင့်ခံလိုက်ရ

၂၅. ၄. ၂၀၂၅
Written by Thettant

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အမြန်လမ်းပေါ် ဆိုင်ကယ်တက်မောင်းသည့်ညီအစ်မနှစ်ဦးမှာ ကားတစ်စီးနှင့်တိုက်မိရာက နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးကုန်ကြသော်လည်း အဆိုပါ အခင်းဖြစ်စဉ်အတွက် ဆိုင်ကယ်တက်ရောက်မောင်းနှင်ခွင့်မရှိသည့် အမြန်လမ်းပေါ် ဆိုင်ကယ် မောင်းနှင့်မှုဖြင့် သေဆုံးသူကိုသာ အမှုဖွင့်လိုက်ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မိတ္ထီလာမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၈ မိုင် ၂ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီးမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မန္တလေး-ရန်ကုန်လမ်းပိုင်းရှိ ရွာသစ်ကျေးရွာလမ်းပေါက်မှ အခင်းဖြစ် နေရာအမြန်လမ်းမကြီးပေါ်သို့ မိတ္ထီလာမြို့နယ်၊ ရွာသစ်ကျေးရွာနေ ပြည့်ပြည့်ဝင်း(၂၈)နှစ်မောင်းနှင်ပြီး ညီမဖြစ်သူ ပြည့်ပြည့်မိုး(၁၀)နှစ်လိုက်ပါလာသည့် MDY 71W/xxxx Honda Wave ဆိုင်ကယ်သည် ဖြတ်ထွက်မောင်းနှင်စဉ် မန္တလေးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ရေနံချောင်းမြို့နယ်၊ ကံကြီးကျေးရွာနေ နိုင်မင်းသက်(၄၁)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းပါအမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး တို့လိုက်ပါလာသည့် YGN-1 9D/xxxx Nissan AD VAN ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့၍ ပြည့်ပြည့်ဝင်းနှင့် ပြည်ပြည့်မိုးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။

ထိုသို့ ယာဉ်တိုက်မိမှုဖြစ်စဉ်တွင် အမြန်လမ်းမကြီးပေါ်သို့ တက်ရောက်မောင်းနှင်ခွင့်မရှိသော ဆိုင်ကယ်အား မောင်းနှင်ခဲ့သူ ပြည့်ပြည့်ဝင်းအား သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News