Eleven Media Group

■ ဗီလာပါ့ခ်ကွင်းကို ပရိသတ် ၅၀၀၀၀ ဆံ့ကွင်းအဖြစ် တိုးချဲ့မည်ဖြစ်ပြီး အင်္ဂလန်ရှိ အကြီးဆုံး ကလပ်အသင်းကွင်းများအနက် အဆင့် ၉ ဖြစ်လာမည်

Photo: Aston Villa

ဗီလာပါ့ခ်ကွင်းကို ပရိသတ် ၅၀၀၀၀ ဝင်ဆံ့သည့်ကွင်းအဖြစ် တိုးချဲ့ပြင်ဆင်မည် ဖြစ်ကြောင်း ဗီလာအသင်းက ထုတ်ပြန်ခဲ့ သည်။

ဗီလာပါ့ခ်ကွင်းမှာ ပရိသတ် ၄၂၉၁၈ ဦး ဝင်ဆံ့ပြီး ၁၈၉၇ ခုနှစ်ကတည်းက အသုံးပြု နေခြင်းဖြစ်သည်။

ယခုစီမံကိန်းအရ မြောက်ဘက် ပွဲကြည့်စင်ကို အလုံးစုံ ပြင်ဆင်မှုပြုလုပ်၍ ကျန်ပွဲကြည့်စင်သုံးခုကိုလည်း အသေးစား အဆင့်မြှင့်တင်မှု ပြုလုပ်မည်ဖြစ်သည်။

မြောက်ဘက်ပွဲကြည့်စင်မှာ လက်ရှိတွင် ပရိသတ် ၅၀၀၀ သာ ဝင်ဆံ့သောကြောင့် ၁၂၀၀၀ အထိဝင်ဆံ့ရန် တိုးချဲ့ပြင်ဆင်မည် ဖြစ်ပြီး စုစုပေါင်း ၄၂၉၁၈ ဦးမှ ၅၀၀၀၀ ဦးအထိ ဝင်ဆံ့မည်ဖြစ်သည်။

စီမံကိန်းလုပ် ဆောင်နေစဉ်ကာလအတွင်း လက်ရှိဝင်ဆံ့သည့် ပရိသတ်အရေအတွက်ကို လျှော့ချရန် မလိုအပ်ဘဲ ၂၀၂၇ ခုနှစ် ဒုတိယနှစ်ဝက်ကာလတွင်ပြီးဆုံးရန် မျှော်မှန်းထားသည်။

ဗီလာအသင်းသည် မူလက မြောက်ဘက်ပွဲကြည့်စင်ကိုဖြိုချ၍ အသစ်တည်ဆောက်ရန် စီစဉ်ထားသော်လည်း စီမံကိန်းလုပ်ဆောင်နေစဉ် ပရိသတ် ၃၆၀၀၀ အထိ လျော့ကျသွားမည့်အခြေအနေကြောင့် လက်လျှော့ခဲ့ခြင်းဖြစ်သည်။

ဗီလာပါ့ခ်ကွင်းမှာ အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန်၊ ဝေးလ်စ်စသည့် ဗြိတိန်ကျွန်းစုနိုင်ငံများ၌ ပူးတွဲကျင်းပမည့် ယူရို-၂၀၂၈ ပြိုင်ပွဲ ပွဲစဉ်များ လက်ခံကျင်းပမည့်ကွင်းများအနက် တစ်ခု အပါအဝင်ဖြစ်သည်။

ဗီလာပါ့ခ်ကွင်း တိုးချဲ့ပြင်ဆင်ပြီးပါက အင်္ဂလန်နိုင်ငံရှိ အကြီးဆုံးကလပ်အသင်း ကွင်းများအနက် အဆင့် ၉ နေရာ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

မန်ယူ အသင်း၏ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ အင်္ဂလန်ရှိ ကလပ်အသင်း ဘောလုံးကွင်းများအနက် အကြီးဆုံးဖြစ်ပြီး ပရိသတ် ၇၄၃၁၀ ဦး ဝင်ဆံ့သည်။

■ အင်္ဂလန်ရှိ အကြီးဆုံး ကလပ်အသင်းကွင်းများ

အသင်း ကွင်းအမည် ဝင်ဆံ့သည့်ဦးရေ
မန်ယူ အိုးလ်ထရက်ဖို့ဒ် ၇၄၃၁၀
စပါး စပါး ၆၂၈၅၀
ဝက်စ်ဟမ်း လန်ဒန် ၆၂၅၀၀
လီဗာပူးလ် အန်ဖီးလ် ၆၁၂၇၆
အာဆင်နယ် အမ်းမရိတ်စ် ၆၀၇၀၄
မန်စီးတီး အီတီဟတ် ၅၃၄၀၀
အဲဗာတန် အဲဗာတန် ၅၂၈၈၈
နယူးကာဆယ် စိန့်ဂျိမ်းပါ့ခ် ၅၂၃၀၅

မူရင်းသတင်း — Eleven Media Group