Eleven Media Group

■ ဆလော့၏ လီဗာပူးလ်ပွဲဦးထွက်ရာသီ စွမ်းဆောင်မှုမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးများထဲမှတစ်ခုဟု ဂယ်ရီနဗီးလ် ချီးကျူး

Photo: YouTube

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက် နေသည့် မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်က လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့၏ ပွဲဦးထွက်ရာသီ စွမ်းဆောင်မှုမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် မိမိမြင်တွေ့မှုသမျှ အကောင်းဆုံးများထဲတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း ချီးကျူးပြောကြားသည်။

လီဗာပူးလ်အသင်းသည် ယခုရာသီအစက ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်စားမှုစာရင်းတွင် လက်ရှိချန်ပီယံ မန်စီးတီးနှင့် အာဆင်နယ်တို့၏နောက် တတိယနေရာတွင်သာ ရှိနေခဲ့သည်။

သို့သော် လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ၂၆ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့သလို ယခုအခါ ပရီးမီးယားလိဂ်လက် ကျန်ငါးပွဲတွင် တစ်မှတ်ရရုံဖြင့် ချန်ပီယံဆုကို ရယူနိုင်မည်ဖြစ်သည်။

လီဗာပူးလ်အသင်း အနေဖြင့် ဧပြီ ၂၇ ရက် (တနင်္ဂနွေနေ့)၌ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ တွင် စပါးအသင်းကို အိမ်ကွင်း အန်ဖီးလ်၌ သရေကစားရုံဖြင့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်တော့မည်ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် အသင်းကို အောင်မြင်မှုများ ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်နှင့် လမ်းခွဲခဲ့ပြီး ၎င်း၏နေရာတွင် ဒတ်ချ်လူမျိုးနည်းပြ အာနယ်ဆလော့ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အသင်းကို အောင်မြင်မှုများစွာရယူပေးခဲ့သည့် ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ် ထွက်ခွာသွားခြင်းကြောင့် လီဗာပူးလ်အသင်းမှာ ယခုရာသီတွင် ရုန်းကန်ရမည်ဟု ခန့်မှန်းခဲ့သော်လည်း အာနယ်ဆလော့သည် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယခုအခါ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။

ထို့ကြောင့် မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်က အာနယ်ဆလော့၏ စွမ်းဆောင်မှုမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၎င်းမြင်တွေ့ဖူးသမျှထဲတွင် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂယ်ရီနဗီးလ်က ''ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဆလော့ပ်ရဲ့ စွမ်းဆောင်မှုက လက်ဖျားခါစရာပါပဲ။ ရာသီအစတုန်းက လီဗာပူးလ်ပရိသတ်တော်တော်များများက ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်း ဗိုလ်စွဲမယ်လို့ မထင်ခဲ့ကြပါဘူး။ ကျွန်တော်အပါအဝင် ဘောလုံးဝေဖန်သူတွေ ဒါမှမဟုတ် ပရိသတ်တွေက လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲမယ်လို့ ဘယ်သူကမှ မပြောခဲ့ကြပါဘူး။ အားလုံးက မန်စီးတီး ဒါမှမဟုတ် အာဆင်နယ်အသင်းပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့ ကြတာပါ။ ဒီရာသီတစ်လျှောက်လုံး အာနယ်ဆလော့ရဲ့ စွမ်းဆောင်မှုက ပရီးမီးယားလိဂ်သမိုင်းမှာ ကျွန်တော်တို့ မြင်ဖူးသမျှတွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုပါပဲ။ ယာဂန်ကလော့ပ်လို ကျော်ကြားတဲ့နည်းပြတစ်ဦးရဲ့နေရာကို ဝင်ယူရတာ မလွယ်ပါဘူး။ ဒါပေမဲ့ အာနယ်ဆလော့က အကောင်းဆုံး စွမ်းဆောင်ပြခဲ့တယ်''ဟု ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group