
ပြင်သစ်လက်ရွေးစင် နောက်ခံလူဟောင်း အီဗရာသည် ပထမဆုံးထိုးသတ်မည့် MMA ပွဲစဉ်တွင် တစ်ချိန်က ပြဿနာဖြစ်ခဲ့ဖူးသည့် ဆွာရက်ဇ် နှင့်ထိုးသတ်ရန် စိန်ခေါ်ခဲ့ကြောင်း သိရသည်။
အသက်(၄၃)နှစ်ရှိပြီဖြစ်သူ အီဗရာသည် မေ(၂၃)ရက်ကျင်းပမည့် PFL Europe Paris ပြိုင်ပွဲတွင် ပထမဆုံး MMA ပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
မွန်ဇာ၊ နိုက်စ်၊ မိုနာကို၊ မန်ယူ၊ ဂျူဗင်တပ်စ်၊ မာဆေးလ်၊ ဝက်စ်ဟမ်းစသည့် ဥရောပထိပ်တန်းကလပ်များစွာတွင် ကစားခဲ့ဖူးသည့် ဘယ်နောက်ခံလူဟောင်း အီဗရာသည် ကစားသမားဘဝမှ အနားမယူခင်ကတည်းက PFL တွင် ထိုးသတ်နေသည့် နာမည်ကြီး ပြင်သစ် MMA ကစားသမား စီဒရစ်ဒွန်ဘီနှင့် လေ့ကျင့်မှုများပြုလုပ်ခဲ့သည်။
ပါရီမြို့ရှိ Accor Arena ၌ မေ(၂၃)ရက်ကျင်းပမည့် PFL ပြိုင်ပွဲအတွက် အီဗရာ၏ပြိုင်ဘက်ကို မသိရသေးသော်လည်း ၎င်းက ပရီးမီးယားလိဂ်၌ ကစားစဉ် လူမျိုးရေးခွဲခြားမှုပြဿနာ ဖြစ်ခဲ့ဖူးသည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်နှင့် ထိုးသတ်လိုကြောင်း စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။
''PFL Euripe ပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ ပထမဆုံးပွဲစဉ်အတွက် တရားဝင်လေ့ကျင့်မှုလုပ်နေပါတယ်။ ကျွန်တော့်ရဲ့ပြိုင်ဘက်ကို သူတို့ရွေးချယ်ပေးမှာပါ။ ဘယ်သူနဲ့ထိုးချင်လဲလို့ သူတို့ကမေးကြတယ်။ ကျွန်တော်က လူးဝစ်ဆွာရက်ဇ်လို့ ပြောလိုက်တယ်။ ကျွန်တော့်အိတ်ထဲက စိုက်ပေးမှာပါ။ သူ (ဆွာရက်ဇ်) က ကျွန်တော့်ကို ကိုက်ရင်ကိုက်လိမ့်မယ်'' ဟု အီဗရာက X မှတစ်ဆင့် ပြောကြားသည်။
အီဗရာသည် မန်ယူအသင်း၌ကစားနေစဉ် ၂၀၁၁ ခုနှစ် အောက်တိုဘာတွင် လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆွာရက်ဇ် (ယခု အင်တာမိုင်ယာမီ) ၏ လူမျိုးရေးခွဲခြားမှုခံခဲ့ရသည်။
ဆွာရက်ဇ်မှာ ယင်းဖြစ်ရပ်ကြောင့် (၈)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ၎င်းတို့(၂)ဦးအကြား မကျေလည်မှုများအတွက် အီဗရာက စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်က ကမ္ဘာ့အကြီးကျယ်ဆုံးအဆင့်တွေမှာ စွမ်းဆောင်ပြခဲ့ပြီးပါပြီ။ ဘောလုံးမှာ အဓိကဆုဖလားအားလုံး ကျွန်တော်ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ PFL Europe Paris က ကျွန်တော့်အတွက် မယုံနိုင်လောက်အောင် ထူးခြားတဲ့ညဖြစ်လာမှာပါ။ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ အတူလေ့ကျင့်နေတာ နှစ်နဲ့ချီနေပါပြီ။ ဒီပွဲအတွက် ကျွန်တော် အဆင်သင့်ဖြစ်နေပြီဆိုတာ သူတို့ ပြောပြပါလိမ့်မယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။