
ပဲလေ့စ်အသင်းအား FA ဖလား ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဂလက်စ်နာက ယခုအချိန်တွင် ဗိုလ်လုပွဲအကြောင်းကို မပြောလိုသေးကြောင်း ထုတ်ဖော်ပြောကြားသည်။
ပဲလေ့စ်အသင်းသည် ဧပြီ(၂၆) ရက်က ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားသည့် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဗီလာအသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။
ပဲလေ့စ်အသင်းအနေဖြင့် FA ဖလား ဗိုလ်လုပွဲသို့ တတိယအကြိမ် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ၂၀၁၅-၂၀၁၆ ရာသီနောက်ပိုင်း (၉) နှစ်အကြာတွင် တစ်ကျော့ပြန်တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။
''အခုလောလောဆယ်တော့ ကျွန်တော်မသိသေးပါဘူး။ ဗိုလ်လုပွဲအကြောင်းကို ဒီနေ့မပြောချင်သေးဘူး။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ကစားဖို့ ချဉ်းကပ်ခဲ့တာပါ။ ကစားသမားတွေအနေနဲ့ ဒီည ပါတီလုပ်လို့ရပါတယ်။ သူတို့ ရက်တချို့အနားရမှာပါ။ ကြာသပတေးနေ့မှ ကျွန်တော်တို့ပြန်တွေ့ပါမယ်။ အဲဒီအခါကျမှ ကျွန်တော်တို့ ပြင်ဆင်ကြတာပေါ့။ အကောင်းဆုံးချဉ်းကပ်နည်းကတော့ စွမ်းဆောင်ရည်ကောင်း ပြနိုင်ဖို့ပါပဲ။ ဒါက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အခိုက်အတန့်ပါ'' ဟု ဂလက်စ်နာက ပြောကြားသည်။
ပဲလေ့စ်အသင်းသည် အသင်းသမိုင်းတစ်လျှောက် အဓိကဆုဖလား တစ်ကြိမ်မျှမရဖူးသဖြင့် ပထမဆုံးဆုဖလားရယူနိုင်မည့် အခွင့်အရေးရှိနေသည်။
သြစတြီးယားနည်းပြ ဂလက်စ်နာ (၅၀ နှစ်) သည် ပဲလေ့စ်အသင်းအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှစ၍ တာဝန်ယူကိုင်တွယ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီတွင် အဆင့်(၁၀)နေရာ ရပ်တည်နိုင်ရန် စွမ်းဆောင်ပေးခဲ့သည်။