
ယခုတစ်ပတ်ကျင်းပခဲ့သည့် မွေထိုင်းနှင့် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာဖိုက်တာအားလုံးသည် ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့်ဧပြီ ၂၇ ရက်က ကျင်းပခဲ့သည့် Thai Fight League Week-70 မွေထိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဖိုက်တာ မင်းရဲကျော်စွာသည် ပြိုင်ဘက်၏ အလဲထိုးမှုကြောင့် ရှုံးနိမ့်ခဲ့ရသည်။
မင်းရဲကျော်စွာသည် ယင်းပြိုင်ပွဲတွင် (၆၆) ကီလိုတန်း၌ အိမ်ရှင်ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ဖိုနစ်နှင့် သုံးမိနစ် သုံးချီ ယှဉ်ပြိုထိုးသတ်ခဲ့သည်။
မင်းရဲကျော်စွာသည် ပထမအချီစတင်ကတည်းက တိုက်စစ်ဖွင့်ကာ ပြိုင်ဘက်ကို ဖိအားပေးထိုးသတ်ခဲ့သည်။
မင်းရဲကျော်စွာသည် ဘယ်ညာတွဲလုံး၊ အောက်ခြေခတ်ချက်များ တရစပ်အသုံးပြုပြီး တိုက်စစ်ဖွင့်ကာ အတင်းဝင် အတင်းလိုက် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ဘက် ထိုင်းဖိုက်တာမှာ သွေးအေးစွာဖြင့် Counter စောင့်ကာ ထိထိမိမိ တစ်ချက်ကောင်းထိုးခဲ့သည်။
ပထမအချီမှာပင် ထိုင်းဖိုက်တာ၏ အနီးကပ်ဘယ်တံတောင်ရိုက်ချက်ကြောင့် မင်းရဲကျော်စွာ ငယ်ထိပ်ကွဲခဲ့ရသည်။
ဒုတိယအချီတွင်လည်း မင်းရဲကျော်စွာမှာ ကစားပုံးမပြောင်းခဲ့ဘဲ တိုက်စစ်ဖြင့်သာ အတင်းလိုက်ကာ ထိုးသတ်ခဲ့သည်။
ဒုတိယအချီတွင် ထိုင်းဖိုက်တာ၏ ဘယ်ဒူးတိုက်ချက်ကြောင့် မင်းရဲကျော်စွာ ပြန်မထနိုင်တော့ဘဲ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဧပြီ ၂၆ ရက်က ကျင်းပခဲ့သည့် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဖိုက်တာ စိုးမိုးဇော်သည် ပြိုင်ဘက်ဖိုက်တာ၏ အလဲထိုးမှုကြောင့် အရှုံးပေးခဲ့ရသည်။
ယင်းခွန်ခမာပြိုင်ပွဲတွင် စိုးမိုးဇော်သည် (၆၃) ကီလိုတန်း၌ အိမ်ရှင် ကမ္ဘောဒီးယားဖိုက်တာ ဟန်ဆမန်နှင့် သုံးမိနစ် သုံးချီ ယှဉ်ပြိုထိုးသတ်ခဲ့သည်။
စိုးမိုးဇော်နှင့် ကမ္ဘောဒီးယားဖိုက်တာ နှစ်ဦးစလုံးသည် ပထမအချီစကတည်းက ဆိုင်ထိုးပြိုင်ထိုးဖြင့် တိုက်စစ်ဖွင့်ကာ ထိုးသတ်ခဲ့သောကြောင့် ပွဲမှာ ကြည့်ကောင်းခဲ့သည်။
စိုးမိုးဇော်သည် ကမ္ဘောဒီးယားဖိုက်တာ၏ အောက်ခြေအတွင်းခတ်ကန်မှုကြောင့် ဘယ်ဒူးမထောက်နိုင်တော့ဘဲ နှစ်ကြိမ်အမှတ်စဉ် ရေခံခဲ့ရကာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ခွန်ခမာ ပြိုင်ပွဲများဝင် အောင်ထက်ဦးနှင့် အံ့ထူးမောင်တို့နှစ်ဦးမှာလည်း ပြိုင်ဘက်အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာများကို အမှတ်ဖြင့် ကိုယ်စီ ရှုံးနိမ့်ခဲ့ကြကြောင်း သိရသည်။