
ဒီရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ဘာစီလိုနာ၊ အင်တာမီလန်၊ အာဆင်နယ်နဲ့ PSG တို့ တက်ရောက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ အင်တာမီလန်၊ အာဆင်နယ်နဲ့ PSGတို့ ဆုံတွေ့နေကြပါတယ်။ ဘာစီလိုနာနဲ့ အင်တာမီလန်က ချန်ပီယံလိဂ်ဖလား ရဖူးတဲ့အသင်းတွေဖြစ်ပြီး အာဆင်နယ်နဲ့ PSG က ချန်ပီယံလိဂ်ဖလား မရဖူးသေးပါဘူး။ ဒီတော့ ဗိုလ်လုပွဲကို ချန်ပီယံဟောင်း တစ်သင်းနဲ့ ချန်ပီယံမဖြစ်ဖူးတဲ့ တစ်သင်းတက်ရောက်မှာဖြစ်ပြီး ချန်ပီယံဟောင်းတွေပဲ ထပ်ပြီးဗိုလ်စွဲမလား၊ ချန်ပီယံအသစ်ပဲ ပေါ်ထွက်လာမလားဆိုတာ အားပြိုင်ရမယ့်ရာသီ ဖြစ်နေပါတယ်။
ဒီရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ဘာစီလိုနာ၊ အင်တာမီလန်၊ အာဆင်နယ်နဲ့ PSG တို့ တက်ရောက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ အင်တာမီလန်၊ အာဆင်နယ်နဲ့ PSGတို့ ဆုံတွေ့နေကြပါတယ်။ ဘာစီလိုနာနဲ့ အင်တာမီလန်က ချန်ပီယံလိဂ်ဖလား ရဖူးတဲ့အသင်းတွေဖြစ်ပြီး အာဆင်နယ်နဲ့ PSG က ချန်ပီယံလိဂ်ဖလား မရဖူးသေးပါဘူး။ ဒီတော့ ဗိုလ်လုပွဲကို ချန်ပီယံဟောင်း တစ်သင်းနဲ့ ချန်ပီယံမဖြစ်ဖူးတဲ့ တစ်သင်းတက်ရောက်မှာဖြစ်ပြီး ချန်ပီယံဟောင်းတွေပဲ ထပ်ပြီးဗိုလ်စွဲမလား၊ ချန်ပီယံအသစ်ပဲ ပေါ်ထွက်လာမလားဆိုတာ အားပြိုင်ရမယ့်ရာသီ ဖြစ်နေပါတယ်။ အသင်း(၄)သင်းရဲ့ ခြေစွမ်းက ခြားနားမှုသိပ်မရှိ တာကြောင့် ရေပန်းစားမှုတွေက အမျိုးမျိုးပြောင်းလဲနေပါတယ်။ ဆီမီးဖိုင်နယ်ပထမအကျော့ ယှဉ်ပြိုင်ကစားခါနီး ထွက်ပေါ်လာတဲ့ အလေးပေးမှုတွေမှာတော့ ဘာစီလိုနာအသင်းက (၉း၄)လေးနဲ့ ရေပန်းအစားဆုံးဖြစ်နေပြီး PSG က (၅း၂)လေး၊ အာဆင်နယ်က (၁၄း၅)လေး၊ အင်တာမီလန်က (၉း၂)လေး သတ်မှတ်ခံထားရပါတယ်။
ဘာစီလိုနာ နဲ့ အင်တာမီလန်
ချန်ပီယံလိဂ်ပြိုင်ပွဲကို ၁၉၅၅-၅၆ ရာသီမှာ ဥရောပဖလားဆိုတဲ့အမည်နဲ့ စတင်ကျင်းပခဲ့ပြီး ဒီရာသီမတိုင်ခင် စုစုပေါင်း(၆၉)ကြိမ် ယှဉ်ပြိုင်ခဲ့ပြီးပါပြီ။ အဲဒီ(၆၉)ကြိမ်မှာ ချန်ပီယံဆု ရယူနိုင်တဲ့အသင်းက (၂၃)သင်းသာရှိပါတယ်။ အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း ရီးယဲလ်အသင်းက (၁၅)ကြိမ်ရယူထားတဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။ အေစီမီလန်က (၇)ကြိမ်၊ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ်က(၆)ကြိမ်၊ ဘာစီလိုနာက (၅)ကြိမ်၊ အေဂျက်စ်က (၄)ကြိမ်၊ အင်တာမီလန်နဲ့ မန်ယူက (၃) ကြိမ်၊ ဂျူဗင်တပ်စ်၊ ဘင်ဖီကာ၊ ချယ်လ်ဆီး၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ပေါ်တိုက (၂)ကြိမ် ရရှိထားပါတယ်။ တစ်ကြိမ်စီ ရရှိထားတဲ့အသင်းက (၁၀) သင်းရှိပြီး ဒေါ့မွန်၊ ဆဲလ်တစ်၊ ဟမ်းဘတ်၊ စတူအာဘူခါရက်၊ မာဆေးလ်၊ မန်စီးတီး၊ ဖီယင်နု၊ အက်စတွန်ဗီလာ၊ PSG နဲ့ ဇဗက်ဒါတို့ပါ။ ဒီတော့ ဘာစီလိုနာနဲ့ အင်တာမီလန်တို့က အအောင်မြင်ဆုံးအသင်း စာရင်းမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ ချန်ပီယံဆုနဲ့ ဝေးကွာနေတာတော့ အတော်အတန်ကြာမြင့်သွားခဲ့ပါပြီ။ ဘာစီလိုနာအသင်းက ချန်ပီယံဆုကို ၂၀၁၅ ခုနှစ်မှာ နောက်ဆုံးရရှိခဲ့တာပါ။ အဲဒီတုန်းက ဘာစီလိုနာအသင်းကို လက်ရှိ PSG အသင်း နည်းပြအန်နရီကေး ကိုင်တွယ်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်သာမက လာလီဂါနဲ့ စပိန်ဘုရင့်ဖလားကိုပါ ရယူပြီး ဖလားသုံးလုံးချန်ပီယံအဖြစ် ဒုတိယအကြိမ် အောင်ပွဲခံနိုင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်ထက် ပိုမတက်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ မက်ဆီခေတ် ကုန်ဆုံးသွားပြီး လက်ရှိအချိန်က လီဝန်ဒေါစကီးနဲ့ လူငယ်မျိုးဆက်သစ်တွေ ဦးဆောင်တဲ့ခေတ် ဖြစ်လာပါတယ်။ ဒီအချိန်မှာ ဂျာမန်နည်းပြ ဟန်ဆီဖလစ်ခ်က ဖလားသုံးလုံး အောင်ပွဲကို နောက်တစ်ကြိမ် မျှော်လင့်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းက စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ပထမဆုံးဖလားတစ်လုံး ရယူနိုင်ခဲ့ပါ ပြီ။ လာလီဂါမှာလည်း ပြိုင်ပွဲပြီးဆုံးဖို့ (၅)ပွဲအလို မှာ ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်ကို (၄)မှတ် ဖြတ်ထားပါတယ်။ ဒါကြောင့် ဖလားသုံးလုံးမျှော်လင့်ချက်က အတော်လေးအားကောင်းနေပါတယ်။ အင်တာမီလန်ကတော့ ကိုပါအီတာလီယာပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဖလားသုံးလုံးအိပ်မက် ပျက်စီးခဲ့တဲ့ အသင်းပါ။ စီးရီးအေမှာလည်း နာပိုလီနဲ့ အမှတ်တူ ဖြစ်သွားပါတယ်။ ဒါကြောင့် ဖလားသုံးလုံး မျှော်လင့်နိုင်တဲ့ အနေအထားကနေ ဖလားလက်မဲ့ဖြစ်သွားနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။ ချန်ပီယံလိဂ်မှာ ဆုဖလား(၃)ကြိမ်ရထားတဲ့ အင်တာမီလန်ရဲ့ နောက်ဆုံးအောင်ပွဲကတော့ ၂၀၁၀ မှာဖြစ်တာကြောင့် ဝေးကွာနေတဲ့ကာလက (၁၅)နှစ် ရှိသွားပါပြီ။ အဲဒီနောက်ပိုင်းမှာ ချန်ပီယံ လိဂ်ယှဉ်ပြိုင်ခွင့်မရတဲ့အထိ ဆိုးရွားတဲ့ရာသီတွေတောင်ရှိခဲ့ပြီး လက်ရှိနည်းပြ ဆီမြွန်နီအင်ဇာဂီ လက်ထက် ၂၀၂၂-၂၃ ရာသီမှာတော့ ဗိုလ်လုပွဲကို တစ်ကျော့ပြန် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီရာသီ ဆီမီးဖိုင်နယ်ရောက် (၄)သင်းထဲမှာ လူကြိုက်အနည်းဆုံးဖြစ်နေပေမဲ့ ၂၀၁၀ တုန်းကလို မထင်မှတ်တာတွေ လုပ်ပြနိုင်စွမ်းတော့ ရှိနေပါတယ်။ အဲဒီတုန်းက နာမည်ကျော်နည်းပြ မော်ရင်ဟို ကိုင်တွယ်ခဲ့ချိန်ဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ဘာစီလိုနာကို ကျော်ဖြတ်ပြနိုင်ခဲ့တာကလည်း အံ့ အားတသင့်ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။ ဘာစီ လိုနာက လက်ရှိချန်ပီယံလည်းဖြစ်သလို၊ အဲဒီအ ချိန်မှာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားချိန် လည်း ဖြစ်တာကြောင့်ပါ။ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းကတော့ စုစုပေါင်း(၁၂)ကြိမ်ရှိသွားခဲ့ပြီဖြစ်ပြီး အင်တာမီလန်က (၂)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၆)ပွဲရှုံးထားပါတယ်။ အစဉ်အလာမှာ ဘာစီလိုနာအသင်းက အသာရထားသလို၊ လက်ရှိခြေစွမ်းကလည်း စိတ်လှုပ်ရှားစရာ ကောင်းနေလို့ အင်တာမီလန်ကို ကျော်ဖြတ်နိုင်ရုံသာမက ချန်ပီယံဆုရရှိဖို့ပါ ရေပန်းစားနေတာပါ။ ဒါပေမဲ့ အင်တာမီလန်အသင်း ရဲ့ ဒီရာသီ ခံစစ်စွမ်းဆောင်ရည်က လေးစားစရာကောင်းနေသလို၊ ပေးဂိုးမဲ့နိုင်ပွဲများစွာ ရယူနိုင်ခဲ့တာကြောင့် လျှော့တွက်လို့ မရပါဘူး။ ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် အားသာချက်လည်း ရှိနေပါသေးတယ်။
အာဆင်နယ် နဲ့ PSG
(၆၉)ကြိမ် ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံအသင်း (၂၃)သင်းသာရှိတာကြောင့် ချန်ပီယံအသင်းသစ် ပေါ်ထွက်မှုနည်းပါးတယ်ဆို တာ ပြသရာရောက်နေပါတယ်။ ချန်ပီယံလိဂ်လို့ အမည်ပြောင်းလဲလိုက်တဲ့ ၁၉၉၂-၉၃ ရာသီကနေ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီအထိ ချန်ပီယံအသင်းသစ် (၅) သင်းသာ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ၁၉၉၂-၉၃ ရာသီမှာ မာဆေးလ်၊ ၁၉၉၆-၉၇ မှာ ဒေါ့မွန်၊ ၂၀၀၃ -၀၄ မှာ ပေါ်တို၊ ၂၀၁၁-၁၂ မှာ ချယ်လ်ဆီးနဲ့ ၂၀၂၂ -၂၃ မှာ မန်စီးတီးတို့ပါ။ ဒါကြောင့် ချန်ပီယံမဖြစ်ဖူးတဲ့ အသင်းတွေထက် ချန်ပီယံဟောင်းတွေက ထပ်ပြီးဗိုလ်စွဲဖို့ အလားအလာများတယ်လို့ ကောက်ချက်ချရမလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဂျာမနီမှာ ကျင်းပတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ချန်ပီယံအသင်းသစ်တွေ ပေါ်ထွက်လေ့ရှိတယ်ဆိုတဲ့ မှတ်တမ်းတော့ ရှိနေပါတယ်။ ဂျာမနီမှာ ပထမဆုံးဗိုလ်လုပွဲကျင်းပခဲ့တဲ့ ၁၉၅၈-၅၉ ရာသီမှာတော့ ရီးယဲလ်မက်ဒရစ်က (၄)ကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။ ၁၉၇၈-၇၉ ရာသီမှာ ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာတော့ နော်တင်ဟမ်ဖောရက်စ်က ပထမဆုံးဗိုလ်စွဲခဲ့ပါတယ်။ ၁၉၈၇-၈၈ ရာသီ ဗိုလ်လုပွဲမှာလည်း PSV က ပထမဆုံး ဗိုလ်စွဲခဲ့ပါတယ်။ ၁၉၉၂-၉၃ ရာသီမှာလည်း မာဆေးလ်အသင်း ပထမဆုံးဗိုလ်စွဲခဲ့ပါတယ်။ ၁၉၉၆-၉၇ ရာသီမှာလည်း ဒေါ့မွန်အသင်း ပထမဆုံး ဗိုလ်စွဲခဲ့ပါတယ်။ ၂၀၀၃-၀၄ ရာသီမှာလည်း ပေါ်တိုအသင်း ပထမဆုံးဗိုလ်စွဲခဲ့ပါတယ်။ ၂၀၁၁-၁၂ ရာသီမှာလည်း ချယ်လ်ဆီးအသင်း ပထမဆုံးဗိုလ်စွဲခဲ့ပါတယ်။ ဂျာမနီမှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ၂၀၁၄-၁၅ ရာသီမှာတော့ ဘာစီလိုနာအသင်းက (၅)ကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။ ဒီတော့ ဂျာမနီမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ (၈)ကြိမ်မှာ ချန်ပီယံဟောင်းတွေ ဗိုလ်စွဲတာ (၂)ကြိမ်သာရှိခဲ့ပြီး ချန်ပီယံအသင်းသစ်ပေါ်ထွက်တာ က (၆)ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒါကြောင့် ဂျာမန်မြေမှာ (၉)ကြိမ်မြောက်အဖြစ် လက်ခံကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချန်ပီယံအသင်းသစ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ PSG တို့ အောင်ပွဲခံခွင့် ရရှိမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ နှစ်သင်းစလုံးက ဗိုလ်လုပွဲအထိသာ အမြင့်ဆုံး ရောက်ရှိဖူးပါသေးတယ်။ အာဆင်နယ်အသင်းက ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးလက်ထက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ရာသီတိုင်းနီးပါး ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပေမဲ့ ဆုဖလားတော့ ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ၂၀၀၅-၀၆ ရာသီတုန်းက ဗိုလ်လုပွဲရောက်ရှိခဲ့ခြင်းက အမြင့်ဆုံးပါပဲ။ ဆီမီးဖိုင်နယ်ကိုတောင် ၂၀၀၈- ၀၉ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်နိုင်ခဲ့တာပါ။ ဒီရာသီ ချန်ပီယံလိဂ်မှာ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည် ကောင်းမွန်နေတဲ့အပြင် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့စလုံး အနိုင်ယူကျော်ဖြတ်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဖလားကို မျှော်မှန်းနိုင်စွမ်းရှိတယ်လို့ ထင်ကြေးပေးမှုတွေ ရှိလာခဲ့ပါတယ်။ PSG ကတော့ ၂၀၁၉-၂၀ ရာသီမှာမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာပါ။ ပြင်သစ်မှာ ပြိုင်ဘက်ကင်းဖြစ်နေပေမဲ့ ချန်ပီယံလိဂ်ရောက်ရင် ဘာမှ လုပ်မပြနိုင်တာကြောင့် သူတို့ရဲ့ ပရိသတ်တွေတောင် မမျှော်လင့်ရဲတော့တာပါ။ မက်ဆီ၊ နေမာတို့လို ကစားသမားတွေ ရှိနေချိန်မှာတောင် ချန်ပီယံလိဂ်ဖလား မရယူနိုင်ခဲ့တဲ့ PSG အသင်းက ဒီရာသီမှာ အဓိကကစားသမား တစ်ဦးဖြစ်တဲ့ အမ်ဘာပေကိုပါ ထပ်ပြီးဆုံးရှုံးထားရတာကြောင့် အလားအလာပိုနည်းသွားပြီလို့ ယူဆခံခဲ့ရပါတယ်။ ဒါပေမဲ့ အန်နရီကေးက ဖလားသုံးလုံး မျှော်လင့်နိုင်တဲ့ အခြေအနေဖြစ်အောင် ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ League Phase အဆင့်မှာတုန်းက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ချန်ပီယံဆုအတွက် အစမ်းသပ်ခံနိုင်တဲ့အသင်း ဖြစ်လာပါတယ်။ ထူးခြားတာကတော့ အင်္ဂလန်ကလပ်တွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတာပါပဲ။ (၁၆)သင်းအဆင့်မှာ လီဗာပူးလ်၊ ကွာတားဖိုင်နယ်မှာ အက်စတွန်ဗီလာနဲ့ ဆုံတွေ့ ခဲ့ပြီး အခု ဆီမီးဖိုင်နယ်မှာ အာဆင်နယ်နဲ့ ဆုံတွေ့ နေတာပါ။ အာဆင်နယ်နဲ့ ဆုံတွေ့ခဲ့ဖူးတဲ့ မှတ်တမ်းမှာတော့ စုစုပေါင်း(၅)ပွဲမှာ နိုင်ပွဲမရှိခဲ့ဘဲ (၂)ပွဲရှုံး၊ (၃)ပွဲသရေကျခဲ့ပါတယ်။ ဒီရာသီ League Phase အဆင့်မှာ တုန်းကလည်း (ဝ-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အခု ဆီမီးဖိုင်နယ်မှာလည်း အာဆင်နယ်ကို ကျော်ဖြတ်နိုင်ဖို့ မလွယ်ဘူးလို့ ထင်ကြေး ပေးမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီရာသီ ချန်ပီယံ လိဂ်ပြိုင်ပွဲက ရှေ့အဆင့်တွေမှာ ထင်မှတ်မထားတဲ့ ရလဒ်တချို့ ထွက်ပေါ်ခဲ့သလို၊ ဆီမီးဖိုင်နယ်မှာ လည်း နောက်ထပ်အံ့အားသင့်စရာတွေကို မြင် တွေ့ရနိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် ဘယ်လို အဖြေ ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ကြရုံသာ ရှိပါတယ်။