Eleven Media Group

(၄)ပွဲအလိုမှာပင် တန်းဆင်းအသင်းအားလုံး အဖြေထွက်ပေါ်ခြင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်

Photo: Premier League

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)တွင် အစ်ဝစ်ချ်အသင်း ထပ်မံတန်းဆင်းခဲ့ရပြီး ရာသီပြီးဆုံးရန် လက်ကျန်(၄)ပွဲအလိုမှာပင် တန်းဆင်းအသင်းအားလုံး အဖြေထွက်ပေါ်ခြင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဧပြီ(၂၆)ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်(၃၄) တွင် အစ်ဝစ်ချ်အသင်း ရှုံးပွဲကြုံတွေ့ပြီးနောက် ယခုရာသီ တန်းဆင်း(၃)သင်းစလုံး အဖြေထွက်ပေါ်သွားခြင်းဖြစ်သည်။
အစ်ဝစ်ချ်အသင်းသည် နယူးကာဆယ်အသင်းအား အဝေးကွင်း၌ (၀-၃) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး (၃၄) ပွဲကစား၊ (၄)ပွဲသာ အနိုင်ရကာ (၉)ပွဲသရေ၊ (၂၁)ပွဲရှုံးဖြင့် (၂၁)မှတ်သာ ရရှိထားသည်။
၎င်းတို့အနေဖြင့် လက်ကျန် (၄)ပွဲအလိုတွင် အဆင့်(၁၇)နေရာမှ ဝက်စ်ဟမ်းအသင်းနှင့် (၁၅)မှတ်ပြတ်သွားပြီဖြစ်သောကြောင့် တန်းဆင်းရရန် သေချာသွားခြင်းဖြစ်သည်။
ထို့ပြင် ဆောက်သမ်တန်အသင်းမှာ ပွဲစဉ်(၃၁)နှင့် လက်စတာအသင်းမှာ ပွဲစဉ်(၃၃)အပြီးကတည်းက တန်းဆင်းခဲ့ရပြီဖြစ်သည်။
ယင်းကဲ့သို့ ရာသီပြီးဆုံးရန် လက်ကျန် (၄)ပွဲအလိုမှာပင် တန်းဆင်းရမည့်အသင်းအားလုံး အဖြေထွက်ပေါ်သွားခြင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
တန်းဆင်းရမည့်(၃)သင်းစလုံးမှာ ပြီးခဲ့သည့်ရာသီတွင် ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရခဲ့သည့်အသင်းများဖြစ်ပြီး တစ်ရာသီသာကစားပြီးနောက် တန်းပြန်ဆင်းခဲ့ရခြင်းဖြစ်သည်။
၎င်းတို့အနက် လက်စတာအသင်းမှာ ပရီးမီးယားလိဂ်မှ (၅)ကြိမ်မြောက် တန်းဆင်းရခြင်းဖြစ်သည်။
လက်စတာအသင်းအနေဖြင့် ၁၉၉၄-၁၉၉၅ (အဆင့် ၂၁)၊ ၂၀၀၁ -၂၀၀၂ (အဆင့် ၂၀)၊ ၂၀၀၃-၂၀၀၄ (အဆင့် ၁၈)၊ ၂၀၂၂-၂၀၂၃ (အဆင့် ၁၈)၊ ၂၀၂၄- ၂၀၂၅ (မသိရသေး) ရာသီတွင် တန်းဆင်းခဲ့ရသည်။
အစ်ဝစ်ချ်အသင်းမှာမူ တတိယအကြိမ် တန်းဆင်းရခြင်းဖြစ်ပြီး ၁၉၉၄-၁၉၉၅ (အဆင့် ၂၂)၊ ၂၀၀၁-၂၀၀၂ (အဆင့် ၁၈)၊ ၂၀၂၄- ၂၀၂၅ (မသိရသေး) ရာသီတွင် တန်းဆင်းခဲ့ရသည်။
ဆောက်သမ်တန်အသင်းမှာလည်း တတိယအကြိမ် တန်းဆင်းရခြင်းဖြစ်ပြီး ၂၀၀၄-၂၀၀၅ (အဆင့် ၂၀)၊ ၂၀၂၂-၂၀၂၃ (အဆင့် ၂၀)၊ ၂၀၂၄-၂၀၂၅ (မသိရသေး) ရာသီတွင် တန်းဆင်းခဲ့ရသည်။

မူရင်းသတင်း — Eleven Media Group