Eleven Media Group

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် ကွင်းလယ်ဒိုင်ကို ပြင်းထန်စွာစောဒကတက်ခဲ့သည့် ရူဒီဂါအပါအဝင် ရီးယဲလ်ကစားသမား (၃) ဦး ပွဲပယ်ခံရဖွယ်ရှိနေ

Photo: X

ဘာစီလိုနာအသင်းအား ရှုံးနိမ့်သည့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်ကို ပြင်းထန်စွာ စောဒကတက်ခဲ့သည့် ရီးယဲလ်မက်ဒရစ်နောက်ခံကစားသမား ရူဒီဂါအပါအဝင် ကစားသမား (၃)ဦး ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေကြောင်း သိရသည်။
ဧပြီလ (၂၆) ရက်(စနေနေ့)က ကစားခဲ့သည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သည် မိနစ် (၉၀) အတွင်း (၂-၂) ဂိုးဖြင့် သရေကျနေသဖြင့် အချိန်ပိုဆက်ကစားခဲ့ရသည်။
အချိန်ပို (၁၁၆) မိနစ်တွင် ဘာစီလိုနာနောက်ခံကစားသမား ခွန်ဒဲက အနိုင်ဂိုးသွင်းယူခဲ့ပြီး ပွဲပြီးခါနီးတွင် ပြဿနာတက်ခဲ့ခြင်းဖြစ်သည်။
အချိန်ပိုဒုတိယပိုင်းပြီးခါနီးတွင် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေအနေဖြင့် တိုက်စစ်ဆင်ရာတွင် ၎င်းအား တားဆီးရန် ကြိုးစားခဲ့သည့် ဘာစီလိုနာနောက်ခံကစားသမား အဲရစ်ဂါစီယာ၏ မျက်နှာကို လက်ဖြင့်တွန်းခဲ့သည်ဟုဆိုကာ ကွင်းလယ်ဒိုင် ဘန်ဂိုတီယာက ဘာစီလိုနာအသင်းကို ပြစ်ဒဏ်ဘောပေးခဲ့ခြင်းဖြစ်သည်။
ယင်းဆုံးဖြတ်ချက်ကို ရီးယဲလ်မက်ဒရစ်ကစားသမားများ ဒေါသပေါက်ကွဲခဲ့ပြီး လူစားလဲခံရပြီးနောက် အရန်ခုံတွင် ရှိနေခဲ့သည့် ရူဒီဂါနှင့် ရီးယဲလ်ကစားသမားများက အပြင်းအထန်စောဒကတက်ခဲ့ခြင်းဖြစ်သည်။
ကွင်းလယ်ဒိုင် ဘန်ဂိုတီယာသည် ၎င်း၏ဆုံးဖြတ်ချက်ကို အပြင်းအထန်စောဒကတက်ခဲ့သည့် ရီးယဲလ်မက်ဒရစ်ကစားသမားများဖြစ်သော ရူဒီဂါ၊ ဗက်ဇ်ကေးနှင့် ဘယ်လင်ဂမ်တို့ကို တိုက်ရိုက်အနီကတ်ပြခဲ့သည်။
ရူဒီဂါသည် ကွင်းဘေးစည်းတွင် အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့ပြီး ကွင်းအတွင်းသို့ အရာဝတ္ထုဖြင့် ပစ်ပေါက်ခဲ့သလို၊ ကွင်းလယ်ဒိုင်ကို ရန်မူရန် ကြိုးပမ်းသဖြင့် အသင်းဖော်များနှင့် အသင်းဝန်ထမ်းများက ထိန်းသိမ်းခဲ့ရသည်။
အဆိုပါပွဲစဉ်တွင် အနီကတ်ထိခဲ့သည့် ရူဒီဂါအပါအဝင် ရီးယဲလ်ကစားသမား (၃)ဦးမှာ ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေပြီး ဘာစီလိုနာနှင့် ကစားမည့် လာလီဂါပွဲစဉ်ကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group