
ဘောလုံးဘဏ္ဍာရေးကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာ ရော့ဘ်ဝီလ်ဆင်က နာမည်ကျော်ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား အင်္ဂလန် League Two ကလပ် ချာလ်တင်ဟမ်အသင်းကို ဝယ်ယူရန် တိုက်တွန်းခဲ့သည်။
အသက် (၄၀) ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ကစားသမားဘဝမှ အနားယူပါက နည်းပြလောကသို့ ဝင်ရောက်ရန် အစီအစဉ်မရှိဘဲ နာမည်ကျော်ဘောလုံးသမားဟောင်းများဖြစ်သည့် ရော်နယ်လ်ဒို(ဘရာဇီးလ်)နှင့် ဒေးဗစ်ဘက်ခမ်တို့လို အသင်းပိုင်ရှင်ဖြစ်လာရန် ရည်မှန်းနေကြောင်း သိရသည်။
ဟောလီးဝုဒ်နာမည်ကျော်သရုပ်ဆောင်များဖြစ်သည့် ရိုင်ယန်ရေးနော့ဒ်နှင့် မက်အယ်လ်ဟန်နီတို့ ပိုင်ဆိုင်သည့် ဝရက်ဇ်ဟမ်းအသင်းမှာ League Two မှနေပြီး (၃) နှစ်ဆက် တန်းတက်ခဲ့ရာ လာမည့်ရာသီတွင် လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ယခုအခါ ဘောလုံးဘဏ္ဍာရေးကျွမ်းကျင်ပညာရှင် ဝီလ်ဆင်က စီရော်နယ်လ်ဒိုအနေဖြင့် အသင်းပိုင်ဆိုင်လိုပါက အလားအလာကောင်းများရှိနေသည့် League Two ကလပ် ချာလ်တင်ဟမ်ကို ဝယ်ယူရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဝီလ်ဆင်က ''စီရော်နယ်လ်ဒိုအနေနဲ့ အင်္ဂလန်ဘောလုံးလောကမှာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ သူက မန်ယူလိုကလပ်ကြီးတွေရဲ့ ရှယ်ယာအနည်းစု ဝယ်ချင်နေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် အလားအလာကောင်းတွေများစွာရှိနေတဲ့ League Two ကလပ် ချာလ်တင်ဟမ်အသင်းကို ဝယ်ယူသင့်တယ်လို့ ထင်ပါတယ်။ ချာလ်တင်ဟမ်က အနာဂတ်မှာ အကျိုးအမြတ်အများကြီးရနိုင်တဲ့အသင်းပါ''ဟု ပြောကြားခဲ့သည်။