
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှ ဗီယက်နမ် နိုင်ငံသို့ ပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် မူလက ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် အင်ဒိုနီးရှားနိုင်ငံအား ရွေးချယ်ပေးထားသော်လည်း ၂၀၂၅ အာဆီယံ ယူ-၁၆ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ဗီယက်နမ်နိုင်ငံအား ပြောင်းလဲရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်အတွင်း ၂၀၂၅ အာဆီယံ ယူ-၁၆ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့်သြဂုတ်လအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားသည်။
ထို့ကြောင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို သြဂုတ်လအစား မေလအတွင်းသို့ ပြောင်းရွှေ့ကျင်းပရန် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ထံ ခွင့်ပြုတောင်းခံခဲ့သည်။
သို့သော် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) ၏ တောင်းဆိုမှုကို လိုက်လျောနိုင်ခြင်းမရှိဘဲ မူလစီစဉ်ထားသည့် သြဂုတ်လအတွင်းသာ ကျင်းပသွားရန် ဆန္ဒရှိခဲ့သည်။
ထို့ကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် အင်ဒိုနီးရှားနိုင်ငံအစား ဗီယက်နမ်နိုင်ငံအား ပြောင်းလဲရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF) သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ယခုနှစ် သြဂုတ်လ ၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
လက်ရှိတွင် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဟိုင်ဖောင်မြို့ရှိ ပရိသတ်(၂၀၀၀၀) ဆံ့ Lach Tray အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားပြီး နောက်ထပ်အခြားကွင်းတစ်ကွင်းအတွက်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုမဲခွဲမည့်ကာလကိုမူ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မည့်အသင်းများမှာ အိမ်ရှင်ဗီယက်နမ်၊ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၂ ပြိုင်ပွဲချန်ပီယံ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် စင်ကာပူအသင်းတို့ဖြစ်ကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာအတွင်းက ကျင်းပခဲ့ပြီး အာဆီယံဒေသတွင်း အမျိုးသမီးဘောလုံးအဆင့်သတ်မှတ်ချက် အနိမ့်ဆုံး ၆ သင်းကို ယှဉ်ပြိုင်ကစားစေခဲ့သည်။
ယင်းအသင်းများမှာ စင်ကာပူ၊ တီမော၊ လာအို၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် မလေးရှားအသင်းတို့ဖြစ်သည်။
ယင်းခြေစစ်ပွဲမှ ထိပ်ဆုံး ၃ သင်းဖြစ်သည့် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူအသင်းများမှာ ခြေစစ်ပွဲအောင်မြင်လာခဲ့ခြင်းဖြစ်သည်။