
ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) သည် ၂၀၂၅ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲများ၏ အုပ်စုတွင်းကျင်းပပုံများကို ပြောင်းလဲရန် အာရှဘောလုံးအဖွဲ့ချုပ်(AFC) ထံ တင်ပြထားကြောင်း သိရသည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) သည် ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲကို အသင်း ၁၁ သင်းဖြင့် ကျင်းပရန်စီစဉ်ထားပြီး သြစတြေးလျအသင်းအား ဖိတ်ကြားသွားဖွယ်ရှိနေကြောင်း သိရသည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) သည် ယင်းအသင်း ၁၁ သင်းအား သုံးသင်း နှစ်အုပ်စု၊ လေးသင်း တစ်အုပ်စု ခွဲဝေမည်ဖြစ်ပြီး အုပ်စုပထမရ အသင်းသုံးသင်းနှင့် အကောင်းဆုံးအုပ်စုဒုတိယရ အသင်းတစ်သင်း ပေါင်းလေးသင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) သည် ၂၀၂၅ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း ၉ သင်းဖြင့် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။
ယင်းအသင်း ၉ သင်းအား သုံးသင်း သုံးအုပ်စု ခွဲဝေမည်ဖြစ်ပြီး အုပ်စုပထမရ အသင်းသုံးသင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယရ အသင်းတစ်သင်း ပေါင်းလေးသင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) သည် ၂၀၂၅ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲဝင်မည့် ထိုင်းအမျိုးသား၊ အမျိုးသမီးအသင်းများအား Pot-1 နှင့် အုပ်စု(A) နေရာများတွင် ထားရှိပြီး အသင်းငယ်များနှင့် အုပ်စုတွင်း ကျရောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) သည် ၂၀၂၅ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှ အုပ်စုတွင်းပွဲစဉ်များကို ဘန်ကောက်၊ ချင်းမိုင်နှင့် ဆောင်ခလာမြို့ ၃ မြို့စလုံးတွင် ကျင်းပသွားမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ ဘန်ကောက်မြို့တွင်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) သည် ၂၀၂၅ ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲဝင်မည့် ထိုင်းအသင်းကို ၂၀၂၆ အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ယူ-၂၂ အသင်းဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ယခုအစီအစဉ်များမှာ ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) က အာရှဘောလုံးအဖွဲ့ချုပ် (AFC) ထံ တင်ပြထားသည့် အစီအစဉ်များသာဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်(AFC) ၏ အတည်ပြုချက်ကို စောင့်စားရမည်ဖြစ်သည်။
နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲကို အသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၅ သင်း နှစ်အုပ်စုခွဲကာ ကျင်းပပြုလုပ်ခဲ့သည်။
ထို့အတူ အမျိုးသမီးဘောလုံးပြိုင်ပွဲကိုလည်း အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၄ သင်း နှစ်အုပ်စုခွဲကာ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းက ထိုင်းအသင်းကိုလည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းက မြန်မာအသင်းကိုလည်းကောင်း အနိုင်ရှိကာ ဗိုလ်စွဲခဲ့ကြသည်။