
PSG နည်းပြ လူးဝစ်အန်နရီကေးက မိမိတို့အသင်းသည် အောက်တိုဘာလတွင် ဆုံတွေ့ခဲ့စဉ်ကထက် တိုးတက်မှုများစွာရှိလာပြီး ပိုကောင်းသည့်အသင်းဖြစ်လာပြီဟု ကြုံးဝါးပြောကြားခဲ့သည်။
အန်နရီကေးသည် အင်္ဂါနေ့(ယနေ့)တွင် အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
PSG အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် League Phase ၌ အာဆင်နယ်အသင်းနှင့် ဆုံတွေ့ခဲ့ရာ (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းပွဲကို အောက်တိုဘာလတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
''အဲဒါက (၇)လ ဒါမှမဟုတ် (၈)လလောက် ကြာပါပြီ။ ကျွန်တော် အဲဒီပွဲကို ပြန်ကြည့်ဖြစ်ပါတယ်။ ကျွန်တော်တို့ အများကြီးပိုကောင်းတဲ့အသင်း ဖြစ်လာပါပြီ။ ကျွန်တော်တို့ အခက်ခဲဆုံးလိဂ်အဆင့်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အခုတော့ ခြားနားချက်တွေ အများကြီးရှိလာပြီလို့ ထင်ပါတယ်''ဟု အန်နရီကေးက ပြောကြားခဲ့သည်။
PSG အသင်းသည် League Phase တွင် ဥရောပထိပ်သီးအသင်းများဖြစ်သည့် အာဆင်နယ်၊ အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့နှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး အဆင့်(၁၅) နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည့်အတွက် Play-off ကစားခဲ့ရသည်။
သို့သော် Play-off အဆင့်၌ ပြင်သစ်ကလပ် ဘရက်စ်အသင်းကို နှစ်ကျော့စလုံး ဂိုးပြတ်အနိုင်ယူခဲ့သလို၊ (၁၆)သင်းအဆင့်တွင် လီဗာပူးလ်၊ ကွာတားဖိုင်နယ်အဆင့်တွင် အက်စတွန်ဗီလာတို့ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။
PSG အသင်းသည် League Phase တွင် အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း လက်ရှိအချိန်တွင်မူ ဗိုလ်လုပွဲသို့ တက်ရောက်ရန် ပိုမိုအလားအလာကောင်းသည့်အသင်းအဖြစ် သတ်မှတ်ခံထားရသည်။
အာဆင်နယ်နည်းပြ အာတီတာကမူ ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ နှစ်ကျော့ကစားရသည့်ပွဲများတွင် ဒုတိယအကျော့ကို အိမ်ကွင်း၌ ကစားရသည့်အသင်းများက အားသာချက်ပိုမိုရရှိကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ကွာတားဖိုင်နယ်၌ ဒုတိယအကျော့ကို အဝေးကွင်းကစားခဲ့ရသလို၊ ယခု ဆီမီးဖိုင်နယ်တွင်လည်း ဒုတိယအကျော့ကို အဝေးကွင်းကစားရမည်ဖြစ်သောကြောင့် အာတီတာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။