Eleven Media Group

မြို့အတွင်းလှည့်လည်အောင်ပွဲခံမှုကို မေ (၂၆)တွင် ပြုလုပ်မည်ဟု လီဗာပူးလ် အတည်ပြု

Photo: X

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည့် လီဗာပူးလ်အသင်းသည် မြို့အတွင်း လှည့်လည်အောင်ပွဲခံမှုကို မေ(၂၆)တွင် ပြုလုပ်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
လီဗာပူးလ်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် စပါးအသင်းကို အနိုင်ရရှိပြီးနောက် ရာသီပြီးဆုံးရန် (၄)ပွဲအလို၌ ဒုတိယနေရာမှ အာဆင်နယ်အသင်းကို (၁၅)မှတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် ယင်းပွဲအပြီးတွင် အန်ဖီးလ်ကွင်းအတွင်း၌ အောင်ပွဲခံမှုပြုလုပ်ခဲ့ပြီး အမိုးဖွင့်ဘတ်စ်ကားဖြင့် မြို့အတွင်းလှည့်လည်အောင်ပွဲခံမှုကိုမူ မေ(၂၆)တွင် ပြုလုပ်မည်ဟု တနင်္လာနေ့တွင် အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် ၂၀၁၈-၁၉ ရာသီက ချန်ပီယံလိဂ်ဖလား ရရှိခဲ့စဉ် အောင်ပွဲခံခဲ့သည့်ပုံစံအတိုင်း ယခုနှစ်တွင်လည်း ပြုလုပ်သွားရန် စီစဉ်ထားပြီး အချိန်အားဖြင့် (၃)နာရီမှ (၅)နာရီကြား ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
မေ(၂၆) တွင် အောင်ပွဲခံအခမ်းအနားပြုလုပ်ရန် လီဗာပူးလ်မြို့တော်ကောင်စီက ကမ်းလှမ်းခဲ့ပြီး လီဗာပူးလ်အသင်းကလည်း လက်ခံခဲ့သည့်အတွက် အဆိုပါနေ့ရက်ကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်မြို့တော်ကောင်စီ၏ အရာရှိဖြစ်သူ လီယမ်ရော်ဘင်ဆင်က ''လီဗာပူးလ်အသင်းရဲ့ အောင်ပွဲခံအခမ်းအနားက ဘောလုံးအောင်ပွဲဆိုတာထက် ပိုပါတယ်။ ဒါဟာ ကျွန်တော်တို့မြို့ကို ကိုယ်စားပြုတဲ့ အောင်ပွဲခံအခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group