Eleven Media Group

အင်တာမီလန်အသင်း၏ခံစစ်သည် အမြင့်ဆုံးအဆင့်တွင်ရှိသည်ဟု ဟန်ဆီဖလစ်ခ် ဆို

Photo: X

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က အင်တာမီလန်အသင်း၏ ခံစစ်စွမ်းဆောင်ရည်သည် အမြင့်ဆုံးအဆင့်တွင် ရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် အင်တာမီလန်အသင်းနှင့် ဆုံတွေ့နေပြီး ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့တွင် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းအတွက် ဟန်ဆီဖလစ်ခ်က ''သူတို့က အတွေ့အကြုံကြွယ်ဝတဲ့အသင်းဖြစ်ပြီး ခံစစ်ပိုင်းက အမြင့်ဆုံးအဆင့်မှာ ရှိပါတယ်။ ပြီးတော့ သူတို့မှာ ထူးချွန်တဲ့ တိုက်စစ်မှူးတွေလည်း ရှိနေပါတယ်။ သူတို့က နည်းဗျူဟာပိုင်းမှာလည်း တကယ်ကို ကောင်းမွန်တဲ့အသင်းတစ်သင်းပါ''ဟု ပြောကြားခဲ့သည်။
အင်တာမီလန်နည်းပြ အင်ဇာဂီကလည်း ဘာစီလိုနာအသင်းသည် ဘောလုံးလောက၏ အခမ်းနားဆုံးအသင်းများထဲမှတစ်သင်းဖြစ်ကြောင်း၊ လေးစားမှုအပြည့်ဖြင့် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်တာမီလန်အသင်းသည် ကိုပါအီတာလီယာပြိုင်ပွဲမှ ထွက်ခဲ့ရသည့်အတွက် ဖလားသုံးလုံးမျှော်လင့်ချက် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘာစီလိုနာအသင်းမှာမူ ဖလားသုံးလုံးလမ်းကြောင်းပေါ်တွင် ဆက်ရှိနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group