Myanmar Transparency News

လျှပ်စစ်ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ နေအိမ်သုံးလုံးမီးလောင်မှု မြောက်ဒဂုံတွင် ဖြစ်ပွား

၂၉.၄.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၅၁)ရပ်ကွက်၊ အောင်ချမ်းသာ (၅)လမ်းရှိ နေအိမ်တစ်လုံးတွင် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီ ၉ မိနစ်ခန့်က လျှပ်စစ်ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ နေအိမ်သုံးလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ၁၀ ပေ၊ အနံ ပေ ၆၀ ရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းတစ်ထပ်နေအိမ်တွင် စတင်ဖြစ်ပွားခဲ့ပြီး အနီးရှိ အလျား ၁၀ ပေ၊ အနံ ပေ ၆၀ ရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းတစ်ထပ်နေအိမ်နှစ်လုံးကိုပါ ထပ်မံ၍ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်ရဲ့မီးဖိုချောင်မှာ လျှပ်စစ်ထမင်းပေါင်းအိုးကိုတည်ထားတာ။ ခလုတ်ကမတက်ဘဲ ပေါင်းအိုးအပူလွန်ပြီး မီးလောင်မှုဖြစ်ခဲ့တာ”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၆​ စီးနှင့်အတူ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ်သုံးလုံး မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News