
ဧပြီ ၂၈ ရက်က စပိန်တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှုကြောင့် မက်ဒရစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ပွဲစဉ်အချို့ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ စပိန်နိုင်ငံအပြင် ပေါ်တူဂီနိုင်ငံတွင်လည်း ဖြစ်ပွားခဲ့ပြီး ဒေသစံတော်ချိန် နေ့လယ်ပိုင်းအချိန်မှစ၍ ဓာတ် အားပြတ်တောက်မှုကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ကတ်ပေးချေမှုနှင့် မိုဘိုင်းကွန်ရက်များ ထိခိုက်မှုရှိခဲ့သည်။
မက်ဒရစ်အိုးပင်းပြိုင်ပွဲတွင်လည်း Arantxa Sanchez ကွင်း၌ အမေရိကန်တင်းနစ်မယ် ကိုကိုဂေါ့ဖ်က ပွဲပြီးအင်တာဗျူးဖြေကြားနေစဉ် မိုက်ခရိုဖုန်းမှ ရုတ်တရက် အသံပြတ်တောက်သွားခဲ့သည်။
ထို့ပြင် Manolo Santana Stadium ကွင်း၌ ဘူလ်ဂေးရီးယားကစားသမား ဒီမီထရော့ဗ်နှင့် ဗြိတိန်ကစားသမား ဖန်းလေတို့ ဒုတိယ Sey ယှဉ်ပြိုင်နေစဉ် မီးပြတ်သွားခဲ့သည်။
သို့ဖြစ်ရာ အီလက်ထရွန်နစ်စည်းစောင့်ကြည့်သည့်စနစ် အလုပ်မလုပ်တော့သဖြင့် ဒိုင်လူကြီးက ၁၀ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ၎င်းကိုယ်တိုင် စည်းများကို ကြည့်ရှုစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ဝေဟင်မှ ကြိုးများဖြင့်ချိတ်ဆွဲ၍ ရိုက်ကူးရသည့် ''ပင့်ကူ ကင်မရာ''မှာ အလုပ်မလုပ်တော့သဖြင့် ပြိုင်ပွဲတာဝန်ရှိသူများက ပွဲစဉ်အားလုံး ဆက်မကစားဘဲ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။
ဓာတ်အားပြတ်တောက်မှုကြောင့် ကစားသမားများမှာ စားသောက်ဆိုင်တွင် ဖယောင်းတိုင်မီးဖြင့် နေ့လယ်စာစားခဲ့ရပြီး ပရိသတ်များကိုလည်း လုံခြုံရေးအရ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာရန် တိုက်တွန်းခဲ့ရသည်။
မြေစေးကွင်းအမျိုးအစားဖြစ်သည့် မက်ဒရစ်အိုးပင်းပြိုင်ပွဲကို ဧပြီ ၂၂ ရက်မှ မေ ၄ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။