Eleven Media Group

■ လီဗာပူးလ်သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် အကောင်းဆုံးဖြစ်ပြီး (၂၁) ကြိမ်မြောက် ချန်ပီယံဆုကို မန်ယူနိုက်တက်ထက် စောရနိုင်ကြောင်း ပေါလ်စခိုးလ် သုံးသပ်

Photo: Liverpool FC

မန်ယူနိုတက်ဂန္ထဝင် ပေါလ်စခိုးလ်က ယခုရာသီ ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်း အကောင်းဆုံးဖြစ်ပြီး (၂၁) ကြိမ်မြောက် ပရီးမီးယားလိဂ်(အင်္ဂလန်အမှတ်ပေး)ချန်ပီယံဆုကိုလည်း သူ၏အသင်းဟောင်း မန်ယူနိုက်တက်ထက် စောရနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ဧပြီလ(၂၇) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်းကို (၅-၁)ဂိုးဖြင့် အနိုင်ရပြီးနောက် အင်္ဂလန်အမှတ်ပေးဖလားကို အကြိမ်(၂၀)မြောက် ရယူနိုင်ပြီး မဟာပြိုင်ဘက် မန်ယူနိုက်တက်အသင်းနှင့် စံချိန်တူညီခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၃၄) အပြီးတွင် ရမှတ်(၈၂)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာမှ အာဆင်နယ်အသင်း (၆၇ မှတ်)ကို (၁၅)မှတ်အထိ ဖြတ်ထားနိုင်သဖြင့် လက်ကျန် (၄) ပွဲအလိုမှာပင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပေါလ်စခိုးလ်က ယခုရာသီ ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်း အကောင်းဆုံးဖြစ်ကြောင်း ချီးကျူးခဲ့ခြင်းဖြစ်သည်။

ပေါလ်စခိုးလ်က ''မန်စီးတီးက ဒီရာသီမှာ အကောင်းဆုံးမဟုတ်သလို၊ အာဆင်နယ်ကလည်း သရေပွဲတွေများလွန်းပါတယ်။ တကယ်လို့ မန်စီးတီးနဲ့ အာဆင်နယ်တို့ အဆုံးထိ ဖိအားပေးခဲ့မယ်ဆိုရင် ဒီရာသီမှာ လီဗာပူးလ်ပဲ ချန်ပီယံဖြစ်မှာပါ။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက လွယ်သလိုဖြစ်ခဲ့ပေမဲ့ လီဗာပူးလ်အနေနဲ့ အံ့မခန်းအောင်မြင်မှုကို ရခဲ့တာပါ။ ကျွန်တော့်အတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်က အကောင်းဆုံးပါ''ဟု ဆိုခဲ့သည်။

ထို့ပြင် ပေါလ်စခိုးလ်က လီဗာပူးလ်အသင်းအနေဖြင့် (၂၁) ကြိမ်မြောက် အင်္ဂလန်အမှတ်ပေးဖလားကို မန်ယူနိုက်တက်ထက် စောရနိုင်ကြောင်းလည်း သုံးသပ်ခဲ့သည်။

ပေါလ်စခိုးလ်က ''ကျွန်တော် ကစားသမားဘဝကနားတော့ ယူနိုက်တက်က လီဗာပူးလ်ထက် ပရီးမီးယားလိဂ် (၂)လုံးသာခဲ့တာပါ။ ဒါပေမဲ့ အခုတော့ လီဗာပူးလ်က ယူနုုိက်တက်အရင် (၂၁) ကြိမ်မြောက် ချန်ပီယံဆုကို ရယူနိုင်ဖို့ ရှိနေပါတယ်''ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်သည် မန်ယူနိုက်တက်နှင့်အတူ မေဂျာဆုဖလား (၆၈) လုံး ရရှိထားပြီး ကွန်မြူနတီဒိုင်းကို ဖယ်လိုက်မည်ဆိုပါက (၅၂) လုံးနှင့် မန်ယူနိုက်တက် (၄၇ လုံး)ထက် အသာရနေသည်။

မူရင်းသတင်း — Eleven Media Group