Eleven Media Group

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့ပွဲကြိုသုံးသပ်ချက်

Photo: 90 min

စပါး နှင့် ဘိုဒယ်ဂလင့် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

စပါးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် ယူရိုပါလိဂ်ဘက်ကို လုံးဝပုံအောထားတဲ့ အနေအထားပါပဲ။ ဆီမီးဖိုင်နယ်လိုအဆင့်မှာ တွေ့ဆုံရမယ့်ပြိုင်ဘက်က နော်ဝေကလပ် ဘိုဒယ်ဂလင့်လိုအသင်းမျိုးဖြစ်နေလို့ စပါးအသင်း ရေပန်းအစားဆုံးဖြစ်လာတာ မဆန်းပါဘူး။ စပါးအသင်းမှာ ဆွန်ဟောင်မင် မပါဝင်နိုင်ပေမဲ့ ဆိုလန်ကီ၊ ဘရန်နန်ဂျွန်ဆင်တို့ ကစားနေတာက ပိုအခြေအနေကောင်းနိုင်တယ်။ နောက်တန်းမှာလည်း လူပြန်စုံနေတာ တွေ့ရတယ်။ ဘိုဒယ်ဂလင့်ကတော့ ကွာတားဖိုင်နယ် League Phase ဇယား ထိပ်ဆုံးရပ်တည်မှုရ လာဇီယိုအသင်းကို ကျော်ဖြတ်လာတဲ့အသင်းပါ။ ဒါပေမဲ့ အိမ်ကွင်းနဲ့ အဝေးကွင်းစွမ်းဆောင်ရည်တော့ ကွာခြားလွန်းတယ်။ ဘိုဒယ်ဂလင့်အသင်း အိမ်ကွင်း(၇)ပွဲမှာ (၆)ပွဲအထိ အနိုင်ကစားထားပေမဲ့ အဝေးကွင်း(၇)ပွဲမှာတော့ တစ်ပွဲသာ အနိုင်ရခဲ့တာပါ။ ဘိုဒယ်ဂလင့်က မှန်းဆရခက်တဲ့အသင်းဖြစ်ပေမဲ့ စပါးကိုပဲ ရွေးချယ်ချင်တယ်။

ဘီလ်ဘာအို နှင့် မန်ယူနိုက်တက် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

မန်ယူနိုက်တက်အသင်းက ကွာတားဖိုင်နယ်မှာ လိုင်ယွန်အသင်းကို အံ့အားသင့်ဖွယ် Come Back နဲ့ ကျော်ဖြတ်လာခဲ့တာပါ။ ယူရိုပါလိဂ်ဖလားက အသင်းဂုဏ်သိက္ခာအပြင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ အရေးပါနေလို့ အသင်းအနာဂတ်ကို သက်ရောက်မှု အတော်ကြီးမားနိုင်တယ်။ မန်ယူနိုက်တက်အသင်းက အခုရာသီ ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့အပြင် ဘီလ်ဘာအိုကလည်း အိမ်ကွင်းပွဲတိုင်း ရာနှုန်းပြည့်အနိုင်ကစားထားလို့ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုက ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေတယ်။ မန်ယူနိုက်တက်ကတော့ ယူရိုပါလိဂ်ဘက်ကို လုံးလုံးလျားလျား အာရုံစိုက်နေတာ တွေ့ရတယ်။ ဘီလ်ဘာအိုအသင်းက နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းကိုသာ အရေးနိမ့်ထားပြီး ပုံစံကောင်းရနေတယ်။ မန်ယူနိုက်တက်ရဲ့စပိန်မြေအစဉ်အလာအရလည်း ရုန်းကန်ရနိုင်ခြေရှိပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက် သရေတော့ ခံကစားလိမ့်မယ်။

မူရင်းသတင်း — Eleven Media Group