Eleven Media Group

ကာဝါဆာကီအသင်းကို ရှုံးနိမ့်သည့် အာရှချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲတွင် အပိုင်အခွင့်အရေးလွဲချော်ခဲ့သည့် စီရော်နယ်လ်ဒိုအား ပရိသတ်များ ဝေဖန်

Photo: X

အယ်လ်နာဆာအသင်းမှ နာမည်ကျော်ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ကာဝါဆာကီအသင်းအား ရှုံးနိမ့်ခဲ့သည့် အာရှချန်ပီယံလိဂ်ပွဲစဉ်တွင် နောက်ဆုံးမိနစ်၌ ရရှိခဲ့သည့် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့ခြင်းကြောင့် ဘောလုံးပရိသတ်များ၏ ဝေဖန်လှောင်ပြောင်မှုများကို ခံနေရကြောင်း သိရှိရသည်။
ဧပြီ(၃၀)က ကစားခဲ့သည့် အာရှချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသည် ဆော်ဒီနိုင်ငံတွင် ကစားခဲ့ရသော်လည်း ဂျပန်ကလပ် ကာဆာဝါကီအသင်းအား (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို တစ်ပွဲတည်းသာ ကစားရာ အယ်လ်နာဆာအနေဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
စီရော်နယ်လ်ဒိုသည် အယ်နာဆာအသင်း (၂-၃) ဂိုးဖြင့် ရှုံးနိမ့်နေသည့် ပွဲချိိန် (၉၀+၆) မိနစ်တွင် အပိုင်အခွင့်အရေး ရရှိခဲ့သော်လည်း အသုံးချနိုင်ခဲ့ခြင်း မရှိပေ။
စီရော်နယ်လ်ဒိုသည် အဆိုပါပွဲစဉ်၌ နာကျင်အချိန် ပို (၆) မိနစ်တွင် လာပေါ့တ် ခေါင်းတိုက်ချပေးသည့် ဘောလုံးကို ပြိုင်ဘက်ဧရိယာထဲတွင် ဂိုးသမားနှင့် တစ်ယောက်ချင်း တွေ့ဆုံပြီး အပိုင်ကန်သွင်းခွင့်ရခဲ့သော်လည်း ဘောလုံးကို ချော်ကန်ခဲ့သဖြင့် လွဲချော်ခဲ့ရသည်။
စီရော်နယ်လ်ဒို၏ အဆိုပါလွဲချော်မှုကြောင့် အယ်လ်နာဆာအသင်းမှာ ကာဝါဆာကီအသင်းကို အချိန်ပိုပင် ဆက်ကစားခွင့်မရတော့ဘဲ အရှုံးပေးခဲ့ရကာ အာရှချန်ပီယံလိဂ်ဆီမီးဖိုင်နယ် မှထွက်ခွာခဲ့ရသည်။
ထို့ကြောင့် အယ်လ်နာဆာအသင်း အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ဘောလုံးပရိသတ်များသည် လူမှုကွန်ရက်တွင် စီရော်နယ်လ်ဒိုကို လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။
@AliHassanHG အကောင့်ပိုင်ရှင်က ''ဒီလိုအဆင့်မျိုးမှာ Speed က စီရော်နယ်လ်ဒိုထက် ဘောလုံးမှာရော YouTube မှာပါ ပိုကောင်းပါတယ်''ဟု ရေးသားခဲ့သည်။
@IamHBozz အကောင့်ပိုင်ရှင်က ''ဖြုန်းတီးလိုက်တဲ့ လူဗျာ။ အယ်လ်နာဆာက နှစ်တိုင်း ပေါင်သန်း (၂၀၀) ဖြုန်းတီးနေတာပဲ''ဟု ရေးသားခဲ့သည်။
အခြား ဘောလုံးပရိသတ်များကလည်း ''အသင်းလိုအပ်ပြီဆိုရင် ပျောက်ပြီ။ မလိုအပ်တဲ့ဂိုးတွေကျတော့ သွင်းတယ်''၊ ''ဒီဘဲ ကစားသမားဘဝက အနားယူသင့်ပါပြီ''၊ ''အယ်လ်နာဆာအသင်းက ဖလားတွေ လိုချင်တယ်ဆိုရင် စီရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းဖို့လိုပြီ''စသည်ဖြင့် ရေးသားခဲ့ကြသည်။
စီရော်နယ်လ်ဒိုသည် ၂၀၂၃ ဇန်နဝါရီတွင် အယ်လ်နာဆာအသင်းသို့ ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ (၁၀၈)ပွဲတွင် (၉၇) ဂိုးသွင်းယူထားသော်လည်း အသင်းနှင့်အဓိကဆုဖလား ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group