
ဆလော့က Stress-free၊ ဖိအားတွေ မထွေးပွေ့ထားတတ်ဘူး။ နိုင်ငံတကာရက်သတ္တပတ်တွေဆိုရင် နယ်သာလန်က မိသားစုဆီ ပြန်ပြီး အချိန် ဖြုန်းတတ်တယ်။ လေ့ကျင့်ရေးကွင်းမှာနာရီပေါင်းများစွာ အလုပ်လုပ်တတ်ပြီး လီဗာပူးလ်အသင်းက ကျွေးတာပဲစားတယ်။ စားတာကလည်း ဝအောင်စားတာပါ။ တစ်ခါတလေ ညစာထွက်စားဖို့ အဆင်မပြေဘူးဆိုရင် လီဗာပူးလ်လေ့ကျင့် ရေးကွင်းကနေ ညစာထုပ်ပိုးသွားတတ်တယ်။ ပြိုင်ဘက်နည်းပြတွေနဲ့ ထိပ်တိုက်တွေ့တာမျိုးလည်း သူအတတ်နိုင်ဆုံး ရှောင်ရှားလေ့ရှိတယ်။ ဆလော့ရဲ့ လုပ်ဖော် ကိုင်ဖက်ဟောင်းတစ်ဦးက "ဆလော့က ဖီယင်နုအသင်းမှာ ရှိစဉ်တုန်းကအတိုင်းပဲ။ သွေးအေးလွန်းတယ်။ သူက သူယုံကြည်တာအတွက် တိုက်ပွဲဝင်တတ်သူပါ။ သူက အောင်နိုင်သူတစ်ယောက်လည်း ဖြစ်တယ်"လို့ ပြောပြတယ်။
Bergentheim to Anfield၊ "မင်းနောက်မှာ ငါတို့ရှိနေတယ်"လို့ အဓိပ္ပာယ်စာသားဟာ အန်ဖီးလ်ကွင်းပွဲကြည့်စင်မှာ လူးလွန့်နေတယ်။ ဒါဟာ ယာဂန်ကလော့ပ်ခေတ်လွန်၊ ခေါင်းဆောင်တစ်ဦးကို လီဗာပူးလ်ပရိသတ် ယုံကြည်စွာ ကြိုဆိုလိုက်တာပါပဲ။ လီဗာပူးလ်ပဲ့ကိုင်ရှင်အသစ် အာနဲဆလော့ ပခုံးထက်မှာ သံသယနဲ့ ဖိအားတွေ နည်းပါးခဲ့ပါပြီ။ ဘာဂျန်တီယန်ဆိုတာ ဆလော့ရဲ့မွေးရပ်မြေ၊ လူတွေ သိပ်အကျွမ်းတဝင်မရှိတဲ့ ရပ်ဝန်းကနေ ကမ္ဘာ့အကျော်ကြားဆုံးရပ်ဝန်း အန်ဖီးလ်ဆီ ဆလော့ ရောက်ရှိအောင် မိုင်တိုင်များစွာ ဖြတ်သန်းခဲ့ရပါတယ်။ လီဗာပူးလ်နည်းပြဘ၀ ပထမဆုံး အိမ်ကွင်းပွဲဟာ ဆလော့အတွက် စိတ်လှုပ်ရှားစရာပါ။ ဥမင်ထဲကနေ အန်ဖီးလ်ကွင်းမြက်ခင်းစိမ်းဆီ လမ်းလျှောက်ထွက်လာချိန်မှာ ဆလော့ရဲ့ရင်ခုန်သံတွေ ဆူညံနေခဲ့တယ်။ "မင်းနောက်မှာ ငါတို့ရှိတယ်"ဆိုတဲ့ စာတန်းကို သူမြင်လိုက်ချိန်မှာ ပိုပြီးရင်ခုန် စိတ်လှုပ်ရှားခဲ့ပါပြီ။ တစ်ယောက်ယောက်က သူ့ကို ပွေ့ဖက်လိုက်သလို ခံစားခဲ့ရတယ်။ အန်ဖီးလ် ပွဲကြည့်စင်က ပရိသတ်တွေဆီ လက်ဝှေ့ယမ်းပြပြီး မျက်ဝန်းတွေကတစ်ဆင့် သူ့ကို ယုံကြည်အားပေး ပါလို့ တောင်းဆိုလိုက်တယ်။ လီဗာပူးလ် ပရိသတ်တွေက လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံဟန်ကို မြင်ရတော့မှာမဟုတ်ဘူး။ ကွင်းထဲပြေးလွှား အောင်ပွဲခံဟန်ကို မြင်ရတော့မှာ မဟုတ်ဘူး။ လူ စိတ်ဝင်စားစေမယ့်အပြုအမူတွေ မလုပ်တတ်တဲ့ ဆလော့ကိုသာ မြင်တွေ့ခံစားရမှာပါ။
ပွဲပြီးဆုံးချိန် ဆလော့က လီဗာပူးလ်ပရိသတ်တွေကို နှုတ်ဆက်တယ်ဆိုရုံလေးနှုတ်ဆက်ပြီး ဥမင်ထဲ ဝင်သွားခဲ့တယ်။ "ပရိသတ်အားပေးမှုက တစ်စုံတစ်ရာ အာမခံချက် မပေးနိုင်ပါဘူး"လို့ ဆလော့ ပြောခဲ့တယ်။ ဆလော့ ဘယ်လိုပဲပြောပြော အန်ဖီးလ်ကွင်းထဲက လီဗာပူးလ်ပရိသတ်ရဲ့အားပေးသံဟာ အရင်ကထက် ပိုပြီးကျယ်လောင်နေသလိုပဲ။ ယာဂန်ကလော့ပ်မရှိလည်း သူတို့စိတ်အားငယ်မနေဘူးဆိုတာ အသံတွေကတစ်ဆင့် အသိပေးနေသလို။ လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီကို အန်ဖီးလ်ကွင်းထဲ မြင်ရခဲပါတယ်။ ယာဂန်ကလော့ပ်ရဲ့နှုတ်ဆက်ပွဲကို ဂျွန်ဟင်နရီအရောက်လာဖူးသလို၊ ဆလော့တ်ရဲ့ လီဗာပူးလ်နည်းပြဘ၀ ပထမဆုံး အန်ဖီးလ်ပွဲကိုလည်း အရောက်လာခဲ့တယ်။
ယာဂန်ကလော့ပ်ကို တန်ဖိုးထားသလိုမျိုး၊ ဆလော့ကိုလည်းတန်ဖိုးထားတယ်ဆိုတာ ဂျွန်ဟင်နရီ ပြသခဲ့တာပါ။ လီဗာပူးလ်ပရိသတ်တွေက "မင်းနောက်မှာ ငါတို့ရှိတယ်" ဆိုပြီး ထောက်ခံတဲ့ အပြင် ဆလော့နာမည်ပါ လည်စည်းတွေ ဆင်မြန်းပြီး အားပေးခဲ့ပါသေးတယ်။ လီဗာပူးလ်အတွက် ယာဂန်ကလော့ပ် ဖန်ဆင်းပေးခဲ့တာ Unparalleled Success ပါ။ လီဗာပူးလ်အတွက် ယာဂန်ကလော့ပ် ချန်ရစ်ထားခဲ့တာ ခိုင်မာတဲ့ အမွေအနှစ်ပါ။ ဒီတော့ အာနယ်ဆလော့ရဲ့ အသွင်ကူးပြောင်း ကာလဟာ ညင်သာချောမွေ့ရတယ်။ ဒီစကားဟာ အာနယ်ဆလော့ကို မလေးမစားပြောတာ မဟုတ်ပါဘူး။ ဆလော့ရဲ့ အသေးစိတ်ဆန်ပြီး တိတ်ဆိတ်စွာ အသွင်ကူးပြောင်းပုံတွေဟာ ယာဂန်ကလော့ပ်ရဲ့ High-energy, Ultra-intense ပေါက်ကွဲအား ပြင်းထန်ပြီး စွမ်းအင်မြင့် လီဗာပူးလ်နဲ့ ကွဲပြားနေတာ သေချာကြည့်ရင်မြင်ရလိမ့်မယ်။ ယာဂန်ကလော့ပ်လမ်းလိုမျိုး ထပ်တူကျအောင် လျှောက်လှမ်းနိုင်ဖို့ဆိုတာ ဆလော့အတွက် မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ ဆလော့ကို လီဗာပူးလ်ပရိသတ်တွေနဲ့ ကစားသမားတွေက တစ်ခဲနက် အသိအမှတ်ပြုနေကြပါပြီ။ ဆလော့ ဖန်ဆင်းပေးမဲ့ လီဗာပူးလ်ခေတ်သစ်ကို ယုံကြည်နေကြပြီ။
လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းက ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးက အခုလိုပြောပါတယ်။ "လီဗာပူးလ်အသင်း သားတွေရဲ့စွမ်းရည်က ဆလော့နဲ့အတူ သိပ်ပြီးအံ့အားသင့်စရာ ကောင်းနေတယ်။ ဆလော့က နှစ်သက်စရာကောင်းပြီး အေးစက်စက်နိုင်ပုံက ငရဲလိုပါပဲ။ ပရီးမီးယားလိဂ်မှာ သူချက်ချင်း အောင်မြင်နေလို့ တခြားသူတွေလိုပဲ အံ့အားသင့်ရပါတယ်။ ကလော့ပ်က သိပ်ကို စိတ်အားထက်သန်တဲ့ နည်းပြ ဖြစ်ပေမဲ့ ဆလော့က သူ့ကိုယ်သူ ဟန်ချက်ညီအောင် ထိန်းကျောင်းတာ တည်ငြိမ်လွန်းတယ်"လို့ ပြောခဲ့တာပါ။
ဆလော့က Stress-free၊ ဖိအားတွေ မထွေးပွေ့ထားတတ်ဘူး။ နိုင်ငံတကာရက်သတ္တပတ်တွေဆိုရင် နယ်သာလန်က မိသားစုဆီ ပြန်ပြီး အချိန် ဖြုန်းတတ်တယ်။ လေ့ကျင့်ရေးကွင်းမှာနာရီပေါင်းများစွာ အလုပ်လုပ်တတ်ပြီး လီဗာပူးလ်အသင်းက ကျွေးတာပဲစားတယ်။ စားတာကလည်း ဝအောင်စားတာပါ။ တစ်ခါတလေ ညစာထွက်စားဖို့ အဆင်မပြေဘူးဆိုရင် လီဗာပူးလ်လေ့ကျင့် ရေးကွင်းကနေ ညစာထုပ်ပိုးသွားတတ်တယ်။ ပြိုင်ဘက်နည်းပြတွေနဲ့ ထိပ်တိုက်တွေ့တာမျိုးလည်း သူအတတ်နိုင်ဆုံး ရှောင်ရှားလေ့ရှိတယ်။ ဆလော့ရဲ့ လုပ်ဖော် ကိုင်ဖက်ဟောင်းတစ်ဦးက "ဆလော့က ဖီယင်နုအသင်းမှာ ရှိစဉ်တုန်းကအတိုင်းပဲ။ သွေးအေးလွန်းတယ်။ သူက သူယုံကြည်တာအတွက် တိုက်ပွဲဝင်တတ်သူပါ။ သူက အောင်နိုင်သူတစ်ယောက်လည်း ဖြစ်တယ်"လို့ ပြောပြတယ်။
ဆလော့က စကားပြောတာလည်း ပြတ်သားပါတယ်။ အပေါ်ယံသကာချိုတွေ မပြောတတ်ဘူး။ သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ အစ်ဝစ်ချ်နဲ့ ပွဲမှာ ကွန်ဆာကို ပထမပိုင်းပွဲချိန်အတွင်း လူစားလဲခဲ့တယ်။ ဘာလို့လူစားလဲတာလည်း ဆိုပြီးမေးတော့ ဆလော့က "တစ်ဦးချင်းတွေ့ရင် သူ ဘာမှမလုပ်နိုင်လို့" ဆိုပြီး တုံ့ပြန်တယ်။ ဆလော့ရဲ့ ပွဲချိန်အတွင်း Tactical-change တွေဟာ များပြားလွန်းပြီး ပြိုင်ဘက်နည်းပြတွေ ခေါင်းကိုက်နေတယ်လို့ ပရီးမီးယားလိဂ်အသင်းတစ်သင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးက ဝန်ခံခဲ့တယ်။ လီဗာပူးလ်က ကလော့ပ်လက်ထက်တုန်းက ကစားသမားတွေနဲ့ ဆက်လက်ချီတက်နေပေမဲ့ ပွဲချိန်အတွင်းမှာ ရွေ့လျားကစားတာတွေ ပိုလုပ်နေလို့ ခန့်မှန်းရခက်နေတာပါ။ ဘရိုက်တန်နည်းပြ ဟူဇယ်လာက "ကလော့ပ်နဲ့တုန်းက လီဗာပူးလ် Transition ခံစစ်ကနေ တိုက်စစ်အကူးအပြောင်းတွေ တကယ်ကောင်းမွန်ခဲ့ပါတယ်။ စိတ်အားပြင်း ထန်စွာ ကစားခဲ့ပါတယ်။ အခုလည်း လီဗာပူးလ် မပြောင်းလဲပါဘူး။ ခံစစ်ကစားရပြီဆိုရင် သူတို့က တစ်သင်းလုံး နောက်ပြန်ဆင်းပါတယ်။ ပြိုင်ဘက်တွေက လီဗာပူးလ်အသင်း တိုက်စစ်ကျွံပြီလို့ ထင် နေချိန်မှာပဲ လီဗာပူးလ်ကစားသမားတွေက ခံစစ်မှာ ခုခံဖို့အသင့်ဖြစ်နေတာပါ။ အဲဒီအရာက တကယ် ထူးခြားပါတယ်" လို့ ပြောပြတယ်။
လီဗာပူးလ်ထက် ဆလော့ကို အရင်စိတ်ဝင်စားခဲ့တာ စပါးအသင်းပါ။ ၂၀၂၃ ခုနှစ်အတွင်းမှာ ကွန်တီထွက်သွားတော့ ဆလော့နဲ့ အစားထိုးရအောင် စပါး စီစဉ်ခဲ့တာပါ။ စပါးက ဆလော့ရဲ့ ပွဲကို လွှမ်းမိုးကစားဟန်၊ တိုက်စစ်ကစားဟန်ကို သဘောကျလွန်းခဲ့ပါတယ်။ ဆလော့ကလည်း စပါးရဲ့ လူ ငယ်ကစားသမား မွေးထုတ်နိုင်မှုနဲ့ တိုက်စစ်ကစားဟန်ကို သဘောကျခဲ့ပါတယ်။ ဒါပေမဲ့ စပါးရဲ့ ကမ်းလှမ်းမှုကို ဖီယင်နုက အဖတ်မလုပ်ခဲ့ပါဘူး။ အခုတော့ ဆလော့ရဲ့ လီဗာပူးလ်ကို စပါးအသင်း ငေး ကြည့်နေရပြီ။ ချန်ပီယံလမ်းကို အားကောင်းမောင်း သန်ပျံသန်းပြီး အပိုင်သိမ်းခဲ့တဲ့ လိုင်ဗာငှက်တွေကို ငေးကြည့်နေရတာ စပါးတစ်သင်းတည်း မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ရပ်ဝန်းတစ်ခုလုံးက ငေး ကြည့်နေရတာပါ။
ဆလော့ရဲ့ အသွင်ကူးပြောင်းကာလဟာ စမတ်ကျလွန်းပါတယ်။ လီဗာပူးလ်ရဲ့အကြိမ် နှစ်ဆယ်မြောက် အမှတ်ပေးချန်ပီယံဆုဖလားဟာ သိပ်ပြီး ဂုဏ်ယူစရာကောင်းပါတယ်။ မော်ရင်ဟို၊ ကွန်တီ ၊ အန်ဆယ်လော့တီ၊ ပယ်လီဂရီနီတို့နောက် ပိုင်း ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုပိုင်ဆိုင်တဲ့ ရှားမှရှားနည်းပြစာရင်းဝင်ခဲ့တဲ့ ဆလော့ကြောင့်သာ လီဗာပူးလ်က အခုလိုအောင်ပွဲပိုင် ဆိုင်တာပါ။
ရာသီအစတုန်းက လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်မလားဆိုပြီး မေးရင် လီဗာပူးလ်ပရိသတ်တွေကိုယ်တိုင် ခေါင်းခါပါလိမ့်မယ်။ အခုလိုရာသီမကုန်ဆုံးခင်မှာ ပြိုင်ဘက်တွေကို ရမှတ်အများကြီးဖြတ်ပြီး ချန်ပီယံဖြစ်မယ်လို့ ရာသီအစတုန်းကပြောခဲ့မယ်ဆိုရင် နတ်သမီးပုံပြင်လို ဖြစ်နေမှာပါ။ အာနယ်ဆလော့က လီဗာပူးလ် ပရိသတ်တွေအတွက် နတ်သမီးပုံပြင်ကို လက်တွေ့ ဖန်ဆင်းပြခဲ့ပါတယ်။
ယာဂန်ကလော့ပ်လိုနည်းပြနေရာ အစားဝင်ရတာ မလွယ်ပါဘူး။ ယာဂန်ကလော့ပ် မရှိချိန်မှာ လီဗာပူးလ်ပရိသတ်တွေရဲ့စိုးရိမ်စိတ်က အတော်လေး ကြီးမားခဲ့တာပါ။ ယာဂန်ကလော့ပ်နေရာ အစားဝင်မယ့် ဘယ်နည်းပြဖြစ်ဖြစ် လီဗာပူးလ်မှာအခြေကျအောင် နှစ်ရာသီလောက် အချိန်ယူရမယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့ အာနယ်ဆလော့က ယာဂန်ကလော့ပ် ချန်ရစ်ထားတဲ့ ကစားသမားအရင်းအမြစ်ကိုအကောင်းဆုံးဆက်ခံရင်း အောင်ပွဲယူပေးခဲ့တာ တကယ်ချီးကျူးစရာ ကောင်းတယ်။
လီဗာပူးလ်ပရိသတ်တွေက အာနယ်ဆလော့ကို မသိကြဘူး။ လေဗာကူဆင်က အလွန်ဆိုကို မျှော်လင့်ခဲ့တာပါ။ နယ်သာလန်လိဂ်ကလာတဲ့ နည်းပြအများစုက ပရီးမီးယားလိဂ်မှာ အလုပ်မဖြစ်ခဲ့ပါဘူး။ လီဗာပူးလ်ပရိသတ်တွေက အာနယ်ဆလော့ကို ဒုတိယတန်ဟက်ဂ် ဖြစ်မှာ စိုးရိမ်ခဲ့ကြတယ်။ အာနယ်ဆလော့က ဒုတိယတန်ဟက်ဂ် မဟုတ်ဘဲ ဒုတိယယာဂန်ကလော့ပ် ဖြစ်ခဲ့ပါပြီ။
ပရီးမီးယားလိဂ်ဦးဆောင်သူအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ၂ ရက်ကတည်းက အာနယ်ဆလော့ရဲ့ လီဗာပူးလ် ရပ်တည်နိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်ရာသီပြီးဆုံးဖို့ လေးပွဲအလိုမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တယ်။ ၁၉၈၉-၉၀ ရာသီနောက်ပိုင်း အခုလိုမျိုး ဒုတိယအကြိမ် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးရာသီမှာပဲ ချန်ပီယံဆုရယူနိုင်တဲ့ နည်းပြအရေအတွက် သိပ်မရှိပါဘူး။ ဟိုဆေးမော်ရင်ဟို (၂၀၀၄-၀၅)၊ ကာလိုအန်ဆယ်လော့တီ (၂၀၀၉-၁၀)၊ ပယ်လီဂရီနီ (၂၀၁၃-၁၄)နဲ့ ကွန်တီ (၂၀၁၆-၁၇)တို့ပဲ ရှိခဲ့ပါတယ်။ အာနယ်ဆလော့အတွက် လီဗာပူးလ်နည်းပြဘ၀ ပထမဆုံးရာသီမှာပဲ ဂုဏ်ထူးမှတ် ရခဲ့ပါတယ်။ ဆာလာ၊ ဗန်ဒိုက်တို့ကို ဆက်ထိန်းသိမ်းထားနိုင်တဲ့ လီဗာပူးလ်က အာနယ်ဆလော့နဲ့အတူ နောက်ထပ်ခမ်းနားအောင်ပွဲတွေ ထပ်ပြီးယူပြချင်နေပါလိမ့်မယ်။ အာနယ်ဆလော့ရဲ့ လီဗာပူးလ်က ခေတ်သစ်အစကို ဖန်တီးနိုင်ခဲ့ပါပြီ။