
ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာသည် အင်တာမီလန်အသင်းနှင့် သုံးဂိုးစီ သရေကျခဲ့သည့်ပွဲတွင် တစ်ဂိုး ဖန်တီးပေးပြီးနောက် အသင်းသမိုင်းတစ်လျှောက် မက်ဆီ တင်ရှိထားသည့် ချန်ပီယံလိဂ်တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှုအများဆုံး (သွင်းဂိုးနှင့် ဂိုးဖန်တီးမှုနှစ်ရပ်ပေါင်း)မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့သည်။
ရာဖင်ညာသည် အင်တာနှင့်ပွဲတွင် ဖယ်ရန်တောရက်စ်သွင်းယူသည့် ဂိုးကို ဖန်တီးပေးမှုအပါအဝင် ချန်ပီယံလိဂ်တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှု (၂၀)ဂိုး(၁၂ ဂိုးသွင်း၊ ၈ ဂိုး ဖန်တီး)အထိ ရှိလာခဲ့ပြီး ၂၀၁၁-၁၂ ရာသီက ဘာစီလိုနာကစားသမားဟောင်း မက်ဆီ တင်ရှိထားသည့် (၁၉)ဂိုးကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ရာဖင်ညာအနေဖြင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒို တင်ရှိထားသည့် ချန်ပီယံလိဂ်စံချိန် ဂိုးပါဝင်ပတ်သက်မှုအများဆုံး (၂၁) ဂိုးကို လိုက်မီနိုင်ရန်လည်း နီးစပ်နေသည်။
၎င်းသည် ယခုပွဲစဉ်တွင်ပင် ယင်းမှတ်တမ်းကို လိုက်မီရန် အခွင့်အရေးရခဲ့ပြီး ဘာစီလိုနာအသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူမှုမှာ ဘားတန်းထိပြန်ကျကာ အင်တာဂိုးသမား ဆွန်မား၏ကျောနှင့်ထိပြီးမှ ဂိုးဝင်သွားသောကြောင့် Own Goal အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ယခုနှစ် Ballon d'Or ဆုအတွက်လည်း ရေပန်းစားနေသည့် ရာဖင်ညာအနေဖြင့် ယခုရာသီ ပြိုင်ပွဲစုံ (၅၂)ပွဲတွင် ဂိုး(၃၀)သွင်းကာ (၂၂)ဂိုး ဖန်တီးပေးထားကာ စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု (၅၂)ဂိုးအထိ ရှိနေသည်။