Eleven Media Group

သကြားရတုအတွက် ချိုသောစကား (Life)

Photo : X

ဟော့ခ်က ဆန်းကြယ်တဲ့ အချစ်နတ်ဘုရားရဲ့ ဖြားယောင်းခြင်းခံခဲ့ရသူဆိုတာ ဘောလုံးပရိသတ် အတော်များများ သိကြပါတယ်။ ဟော့ခ်က ဇနီးဟောင်းရဲ့ တူမတော်စပ်သူနဲ့ လက်ထပ်ထားတာပါ။ ဘရာဇီးလ်တိုက်စစ်မှူး ဟော့ခ်က ဂျပန်ကလပ်အသင်းတွေမှာ အငှားနဲ့ သွားကစားနေတုန်း ဘရာဇီးလ်သူ အီရန်အိန်ဂျယ်လိုနဲ့ ဆုံတွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ၂၀၀၇ မှာ လက်ထပ်ပြီး သားနှစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ ၂၀၁၉ ဇူလိုင်မှာတော့ အီရန်အိန်ဂျယ်လိုနဲ့ လမ်းခွဲခဲ့ပြီး ၂၀၁၉ အောက်တိုဘာမှာ ကာမီလာအိန်ဂျယ်လိုနဲ့ စတွဲခဲ့ပါတယ်။ ကာမီလာက အီရန်ရဲ့ တူမဖြစ်ပြီး အဒေါ်ဖြစ်သူရဲ့ ခင်ပွန်းသည်ကိုမှ မေတ္တာသက်ဝင်ခဲ့တာပါ။

အချိန်ကာလအားဖြင့် (၆)နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့ကို သံရတု ဒါမှမဟုတ် သကြားရတုလို့သတ်မှတ်ကြပါသတဲ့။ ဒီလိုဆို ဟော့ခ်နဲ့ ကာမီလာအိန်ဂျယ်လိုတို့ ချစ်သူတွေ ဖြစ်ခဲ့ကြတာ သကြားရတုတောင် တိုင်ခဲ့ပြီပေါ့။

ဟော့ခ်က ဆန်းကြယ်တဲ့ အချစ်နတ်ဘုရားရဲ့ ဖြားယောင်းခြင်းခံခဲ့ရသူဆိုတာ ဘောလုံးပရိသတ် အတော်များများ သိကြပါတယ်။ ဟော့ခ်က ဇနီးဟောင်းရဲ့ တူမတော်စပ်သူနဲ့ လက်ထပ်ထားတာပါ။ ဘရာဇီးလ်တိုက်စစ်မှူး ဟော့ခ်က ဂျပန်ကလပ်အသင်းတွေမှာ အငှားနဲ့ သွားကစားနေတုန်း ဘရာဇီးလ်သူ အီရန်အိန်ဂျယ်လိုနဲ့ ဆုံတွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ၂၀၀၇ မှာ လက်ထပ်ပြီး သားနှစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ ၂၀၁၉ ဇူလိုင်မှာတော့ အီရန်အိန်ဂျယ်လိုနဲ့ လမ်းခွဲခဲ့ပြီး ၂၀၁၉ အောက်တိုဘာမှာ ကာမီလာအိန်ဂျယ်လိုနဲ့ စတွဲခဲ့ပါတယ်။ ကာမီလာက အီရန်ရဲ့ တူမဖြစ်ပြီး အဒေါ်ဖြစ်သူရဲ့ ခင်ပွန်းသည်ကိုမှ မေတ္တာသက်ဝင်ခဲ့တာပါ။ ဟော့ခ်ကလည်း ငါးစိမ်းမြင်တော့ ငါးကင်ပစ်ခဲ့တယ်။ ကလေးသုံးယောက် အမေ အီရန်ကို စွန့်ပစ်ပြီး ကာမီလာကို ရွေးချယ်ခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာမှ ကာမီလာနဲ့ ဟော့ခ်တို့ လက်ထပ်ပွဲ ဆင်နွှဲခဲ့ကြတာဖြစ်ပေမဲ့ ဘုရားကျောင်းမှာ လက်ထပ်ခဲ့တာကတော့ ၂၀၂၀ ကတည်းကပါ။ အဲဒီအချိန်တုန်းက ဟော့ခ်က တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းမှာ ကစားနေပြီး ကာမီလာ ဗီဇာလုပ်ဖို့ လိုအပ်ချက်ရှိတာကြောင့် လက်ထပ်ခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အခုတော့ သူတို့မှာ ဇာယာ ဆိုတဲ့ သမီးလေး တစ်ယောက်တောင် ပိုင်ဆိုင်နေပါပြီ။ ဇာယာကို ၂၀၂၂ ဧပြီလမှာ မွေးဖွားခဲ့တာကြောင့် (၃)နှစ် အရွယ် ရှိပါပြီ။

ဟော့ခ်နဲ့ ကာမီလာတို့ရဲ့ကြားမှာ ဧပြီလက အမှတ်ရစရာတွေများပါတယ်။ တရုတ်မှာနေဖို့ ဗီဇာအတွက် လက်ထပ်ခဲ့တာလည်း ဧပြီ၊ သမီးလေး မွေးခဲ့တာလည်း ဧပြီ၊ သူတို့ရဲ့ ချစ်ခြင်း အစပြုခဲ့တာလည်း ဧပြီမှာပါပဲ။ ဇနီးဟောင်း အီရန်နဲ့ လမ်းခွဲပြီး ၂၀၁၉ အောက်တိုဘာမှာမှ ကာမီလာနဲ့ ဟော့ခ်တို့ လူသိရှင်ကြား စတွဲခဲ့တာဖြစ်ပေမဲ့ ၂၀၁၉ ဧပြီမှာကတည်းက သူတို့ ချစ်ကြိုးသွယ်ခဲ့ကြတာပါ။ ဒါကြောင့်လည်း ဟော့ခ်က ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက သူတို့ရဲ့ သကြားရတုအတွက် အမှတ်တရ ပို့စ်တင်ပြီး ချိုသောစကား ဆိုခဲ့တာပါ။ သူ့ရဲ့ Instagram မှာ ကာမီလာကို နမ်းနေတဲ့ပုံနဲ့အတူ ဟော့ခ် ရေးသားခဲ့တာကတော့ "မင်းရဲ့နံဘေးမှာ (၆)နှစ်ကြာ ရှိခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတင်ရမှာကတော့ ဘုရားသခင်ကိုပါပဲ။ နေ့ရက်တိုင်းက ဘုရားသခင်ရဲ့ ဆုတောင်းမေတ္တာအသစ်တွေနဲ့ပါ။ အခိုက်အတန့်တိုင်းကလည်း အမှတ်ရစရာတွေပါပဲ။ ခိုင်မြဲမှု၊ လေးစားမှု၊ ပျော်ရွှင်မှုတွေနဲ့အတူ ကိုယ်တို့ရဲ့ ချစ်ခြင်း ရှင်သန်ကြီးထွားခွင့်ရနိုင်ပါစေ။ ကိုယ်မင်းကို ချစ်တယ်။ ကိုယ့်ရဲ့ ဇနီး။ ကိုယ့်ရဲ့ ဘဝ" ။ (၁၂)နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ဇနီးသည်နဲ့ ကွာရှင်းပြီး တူမ ဖြစ်သူနဲ့ ဟော့ခ်လက်တွဲခဲ့တာတောင် (၆)နှစ်ကြာ သွားခဲ့ပြီပဲ။ အခု တင်လိုက်တဲ့ပို့စ်နဲ့ ဆုတောင်းစကားက လက်ရှိဇနီးသည် ကာမီလာအပေါ် သူ ဘယ်လောက်အထိ ချစ်မြတ်နိုးကြောင်း၊ အလေးထားကြောင်း ပြသရာရောက်ခဲ့ပေမဲ့ ဇနီးဟောင်းနဲ့ လမ်းမခွဲခင်ကတည်းက သစ္စာမဲ့ခဲ့ကြောင်းကို ဝန်ခံရာ ရောက်ခဲ့တယ်ဆိုတာကိုတော့ ဟော့ခ်တစ်ယောက် တွေးမှ တွေးမိပါလေစ။

မူရင်းသတင်း — Eleven Media Group