
ဘာစီလိိုနာအသင်းကို ရှုံးနိမ့်သည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ကွင်းလယ်ဒိုင်အား ပြင်းထန်စွာစောဒကတက်ခဲ့ပြီး ရန်မူရန် ကြိုးစားခဲ့သည့် ရီးယဲလ်မက်ဒရစ်နောက်ခံကစားသမား ရူဒီဂါသည် (၆) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။
ဧပြီလ (၂၇) ရက် (စနေနေ့)က ကစားခဲ့သည့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာစီလိုနာအသင်းကို ပွဲချိန်မိနစ် (၉၀) အတွင်း (၂-၂) ဂိုးဖြင့် သရေကစားနုုိင်ခဲ့သော်လည်း အချိန်ပိုတွင် ဘာစီလိုနာနောက်ခံကစားသမား ခွန်ဒဲ၏ဂိုးကို ခွင့်ပြုခဲ့ရကာ ပွဲအပြီးတွင် (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲပြီးခါနီးတွင် ရီးယဲလ်တိုက်စစ်မှူး ဘာပေအနေဖြင့် ဘာစီလိုနာ နောက်ခံကစားသမား အဲရစ်ဂါစီယာအား ကျော်ဖြတ်ရန် ကြိုးစားရာတွင် မျက်နှာကို လက်ဖြင့်ရိုက်ခဲ့သည်ဟု ကွင်းလယ်ဒိုင် ဘန်ဂိုတီယာက ဘာစီလိုနာအသင်းကို ပြစ်ဒဏ်ဘောပေးခဲ့သည်။
ယင်းဆုံးဖြတ်ချက်ကို ရီးယဲလ်ကစားသမားများ ဒေါသပေါက်ကွဲခဲ့ပြီး လူစားလဲခံရပြီးနောက် အရန်ခုံတွင် ရှိနေသည့် ရူဒီဂါနှင့် ရီးယဲလ်ကစားသမားများက ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ခြင်း ဖြစ်သည်။
ရူဒီဂါသည် ကွင်းလယ်ဒိုင်အား အရာဝတ္ထုဖြင့် ပစ်ပေါက်ခဲ့သလို၊ ကိုုယ်ထိလက်ရောက်ကျူးလွန်ရန် ကြိုးပမ်းခဲ့သဖြင့် ရီးယဲလ်အသင်းဝန်ထမ်းများက ထိန်းသိမ်းခဲ့ရသည်။
ယင်းလုပ်ရပ်အတွက် ရူဒီဂါမှာ တိုက်ရိုက်အနီကတ်အပြခံခဲ့ရသလို၊ အခြားရီးယဲလ်ကစားသမားများဖြစ်သည့် ဗက်ဇ်ကေး နှင့် ဘယ်လင်ဂမ်တို့မှာလည်း အနီကတ်အပြခံခဲ့ရသည်။
ယခုအခါ စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) က အဆိုပါဖြစ်ရပ်အတွက် ရီးယဲလ်ကစားသမားများအား အရေးယူခဲ့ခြင်းဖြစ်သည်။
RFEF သည် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှ ဖြစ်ရပ်အတွက် ရူဒီဂါကို (၆) ပွဲပယ်နှင့် ဗက်ဇ်ကေးကို (၂) ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဘယ်လင်ဂမ်၏ အနီကတ်ကိုမူ ပယ်ဖျက်ပေးခဲ့သည်။
ဗက်ဇ်ကေးအနေဖြင့် လာမည့်ရာသီ စပိန်ဘုရင့်ဖလားပွဲစဉ် (၂) ပွဲ ကစားခွင့်ရမည်မဟုတ်ဘဲ ရူဒီဂါမှာမူ (၄) ပွဲပယ်ပြစ်ဒဏ်ထက် ကျော်လွန်သဖြင့် စပိန်ရှိ ဘောလုံးပြိုင်ပွဲအားလုံးနှင့် အကျုံးဝင်မည်ဖြစ်သည်။
ထို့ကြောင့် ရူဒီဂါအနေဖြင့် ယခုရာသီ လာလီဂါလက်ကျန် (၅) ပွဲအပြင် လာမည့်ရာသီ လာလီဂါအဖွင့်ပွဲကိုပါ လွဲချော်မည်ဖြစ်သည်။
သို့သော် ရူဒီဂါအနေဖြင့် ဒူးဒဏ်ရာခွဲစိတ်မှုခံယူသဖြင့် အနားယူမည်ဖြစ်ရာ ပွဲပယ်ပြစ်ဒဏ်မှာ ထိရောက်မှုမရှိကြောင်း သိရသည်။