
လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထပ်ပြီးလွဲချော်ရမယ်ဆိုရင်တော့ ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်သစ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်ရုံသာမက ပရိသတ်တွေရဲ့ ဖိအားပေးမှုနဲ့လည်း ပိုပြီးရင်ဆိုင်လာရဖို့ ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းက ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် လက်ထက်တုန်းက ချန်ပီယံလိဂ်ဝင်ခွင့်ကို ရာသီတိုင်းနီးပါး ရယူနိုင်ခဲ့တာပါ။ အေဘရာမိုဗစ်ချ်လက်ထက်မှာ ချန်ပီယံလိဂ်ဖလားလည်း နှစ်ကြိမ်ရရှိခဲ့ပါတယ်။ အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုအောက်မှာရှိ ခဲ့တဲ့ နောက်ဆုံးရာသီတုန်းကလည်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ရောက်ခဲ့ပါတယ်။
၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးဖို့ (၄)ပွဲသာ လိုပါတော့တယ်။ ပွဲစဉ်(၃၄)ပွဲ ယှဉ်ပြိုင်ပြီးချိန်မှာ လီဗာပူးလ်အသင်းက ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကိုလည်း ရယူနိုင်ခဲ့ပါပြီ။ ပရီးမီးယားလိဂ်က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာရရှိမှာဖြစ်တာကြောင့် လက်ကျန်(၄) နေရာအတွက်တော့ လက်ကျန်(၄)ပွဲမှာ ဆက်ပြီး အဖြေရှာရဦးမှာပါ။ အဲဒီလက်ကျန်(၄)နေရာကို လုရမယ့်အသင်းကတော့ (၆)သင်းရှိပါတယ်။ အာဆင်နယ်၊ နယူးကာဆယ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ နော်တင်ဟမ်ဖောရက်စ်နဲ့ အက်စတွန်ဗီလာတို့ပါ။ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်က ကျန်တဲ့အသင်းတွေကို အမှတ်ဖြတ်ထားတယ်ဆိုပေမဲ့ လက်ကျန်(၄)ပွဲစလုံး ရှုံးခဲ့ရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲသွားနိုင်ခြေ ရှိနေသေးတာပါပဲ။ ဒါကြောင့် ဒီစာရင်းထဲ ထည့်ထားရတာပါ။ နယူးကာဆယ်၊ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ရဲ့ကြားမှာတော့ အမှတ်ကွာဟမှုက အများဆုံး (၃)မှတ်သာရှိပါတယ်။ အဆင့်(၇)နေရာ မှာရှိနေတဲ့ အက်စတွန်ဗီလာကလည်း သူတို့ထဲက အမှတ်အနည်းဆုံးအသင်းနဲ့ (၃)မှတ်ပဲ ကွာပါတယ်။ ဒါကြောင့် အက်စတွန်ဗီလာကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်နိုင်တဲ့စာရင်းထဲ ထည့်ထားတာဖြစ်ပေမဲ့ အဓိကပြိုင်ဆိုင်ကြရမှာကတော့ လောလောဆယ် အဆင့်(၃)ကနေ အဆင့် (၆)နေရာအတွင်း ရပ်တည်နေကြတဲ့ အသင်း(၄)သင်းပဲ ဖြစ်မှာပါ။ ဒီ(၄)သင်းထဲက တစ်သင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရမယ့် အခြေအနေဖြစ်ပြီး ဘယ်အသင်းကံဆိုးမလဲဆိုတာက ပရီးမီးယားလိဂ် ပန်းဝင်ခရီးမှာ စိတ်ဝင်စားစရာ အကောင်းဆုံးအကြောင်းအရာ ဖြစ်နေပါတယ်။ ချန်ပီယံအသင်းလည်း အဖြေထွက်၊ တန်းဆင်း(၃)သင်းလည်း အဖြေထွက်နေပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ တခြားဥရောပဝင်ခွင့်တွေအတွက်သာ အဖြေရှာရတော့မှာဖြစ်ပြီး အခု ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်လုရမယ့်အသင်းတွေထဲကပဲ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ဝင်ခွင့်အတွက်လည်း အဖြေထွက်လာဖို့ ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့သာ ဦးတည်တိုက်ပွဲဝင်ကြမှာဖြစ်ပြီး အားမတန်မှသာမာန်လျှော့ကြမှာပါ။ (၄)ပွဲသာကျန်တော့တဲ့ ပရီးမီးယားလိဂ်ပန်းဝင်ခရီးကို ဆန်းစစ်ကြည့်လိုက်တဲ့အ ခါမှာတော့ ချယ်လ်ဆီးအသင်းက ပွဲအကျပ်ဆုံးဖြစ်နေတာ တွေ့ရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ လက်ကျန်(၄)ပွဲက လီဗာပူးလ်၊ နယူးကာဆယ်၊ မန်ယူနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ ဖြစ်နေတာကြောင့်ပါ။
ခက်ခဲပြင်းထန်
လက်ကျန်(၄)ပွဲက ဘယ်အသင်းအတွက်မှတော့ လွယ်ကူမနေပါဘူး။ အာဆင်နယ်ရဲ့ လက်ကျန်(၄)ပွဲကလည်း ဘုန်းမောက်၊ လီဗာပူးလ်၊ နယူးကာဆယ်နဲ့ ဆောက်သမ်တန် ဖြစ်ပါတယ်။ နယူးကာဆယ်ရဲ့ လက်ကျန်(၄)ပွဲက ဘရိုက်တန်၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ အဲဗာတန် ဖြစ်ပါတယ်။ မန်စီးတီးရဲ့ လက်ကျန်(၄)ပွဲက ဝုလ်ဗ်၊ ဆောက်သမ်တန်၊ ဘုန်းမောက်နဲ့ ဖူလ်ဟမ် ဖြစ်ပါတယ်၊ နော်တင်ဟမ်ဖောရက်စ်ရဲ့ လက်ကျန်(၄)ပွဲက ပဲ လေ့စ်၊ လက်စတာ၊ ဝက်စ်ဟမ်းနဲ့ ချယ်လ်ဆီး ဖြစ်ပါတယ်။ အက်စတွန်ဗီလာရဲ့ လက်ကျန်(၄)ပွဲက ဖူလ်ဟမ်၊ ဘုန်းမောက်၊ စပါးနဲ့ မန်ယူတို့ ဖြစ်ပါ တယ်။ ဒီတော့ ပွဲအချောင်ဆုံးက မန်စီးတီးဖြစ်နေပြီး ပွဲအကျပ်ဆုံးက ချယ်လ်ဆီး ဖြစ်နေတာတွေ့ရမှာပါ။ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးပြိုင် ဘက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ယူတို့ကို ရင်ဆိုင်ရမှာဖြစ်သလို၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်အပြိုင်လုနေရတဲ့ နယူးကာဆယ်၊ နော်တင်ဟမ် ဖောရက်စ်တို့နဲ့လည်း ရင်ဆိုင်သွားရမှာပါ။ ဒါကြောင့် ချယ်လ်ဆီးအသင်းအတွက် ခက်ခဲကြမ်းတမ်းလွန်းတဲ့ ပန်းဝင်ခရီးလို့ သတ်မှတ်နေကြတာပါ။ ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ (၃)ပွဲနိုင်၊ (၂)ပွဲသရေရလဒ်နဲ့ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း လက်ကျန်(၄)ပွဲမှာ ထပ်ပြီးစမ်း သပ်ခံနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထပ်ပြီးလွဲချော်ရမယ်ဆိုရင်တော့ ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်သစ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်ရုံသာမက ပရိသတ်တွေရဲ့ ဖိအားပေးမှုနဲ့လည်း ပိုပြီးရင်ဆိုင်လာရဖို့ ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းက ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် လက်ထက်တုန်းက ချန်ပီယံလိဂ်ဝင်ခွင့်ကို ရာသီတိုင်းနီးပါး ရယူနိုင်ခဲ့တာပါ။ အေဘရာမိုဗစ်ချ်လက်ထက်မှာ ချန်ပီယံလိဂ်ဖလားလည်း နှစ်ကြိမ်ရရှိခဲ့ပါတယ်။ အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုအောက်မှာရှိ ခဲ့တဲ့ နောက်ဆုံးရာသီတုန်းကလည်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်က ချယ်လ်ဆီးအသင်းကို အေဘရာမိုဗစ်ချ် စွန့်လွှတ်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၂၂ မေလမှာ လက်ရှိချယ်လ်ဆီးဥက္ကဋ္ဌ တော့ဒ်ဘိုလီ ဦးဆောင်တဲ့ BlueCo ကုမ္ပဏီက ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့ပါတယ်။ ၂၀၂၂-၂၃ ရာသီက ချယ်လ်ဆီးအသင်း ပိုင်ရှင်သစ်နဲ့ အစပြုတဲ့ ပထမဆုံးရာသီ ဖြစ်ပြီး အဲဒီရာသီမှာ အသင်းရဲ့ ပရီးမီးယားလိဂ်ရပ် တည်မှုက အဆင့်(၁၂) ဖြစ်ခဲ့ပါတယ်။ ဒါဟာ ပရီး ယားလိဂ်ခေတ်ဦးကာလ ၁၉၉၃-၉၄ ရာသီမှာ အ ဆင့်(၁၄)နေရာ ရောက်ရှိခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးရပ်တည်မှု ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်မဆိုထားနဲ့ တခြားဥရောပဝင်ခွင့်တောင် မရရှိဘဲဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ တိုးတက်လာခဲ့ပေမဲ့ အဆင့်(၆)သာ ရရှိခဲ့တာကြောင့် ဥရောပရဲ့ အဆင့်အနိမ့်ဆုံး ကွန်းဖရန့်လိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ BlueCo နဲ့ တော့ဒ် ဘိုလီတို့ရဲ့လက်အောက်မှာ ချယ်လ်ဆီးအသင်း နှစ်ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲခဲ့ရတာဖြစ်ပြီး ဒီရာသီမှာ ထပ်ပြီးလွဲချော်ရဦးမယ်ဆိုရင်တော့ အပြစ်တင်စရာ ပိုဖြစ်သွားမှာပါ။ ပုံမှန်အား ဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ခွဲတမ်း (၄)နေရာရရှိနေရာက (၅)နေရာအထိ ရရှိမယ့်ရာသီမှာ အခွင့်အရေးမယူနိုင်တဲ့အတွက်လည်း ထိပ်သီးအသင်းတစ်သင်းရဲ့ ဂုဏ်သတ္တိတွေ မရှိတော့ဘူးလားလို့ မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါလိမ့်မယ်။
နောက်ဆုံးပွဲစဉ်အထိ
Big Six အသင်းတွေရဲ့ အားပြိုင်မှုကို အဓိက စောင့်ကြည့်ရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းကောင်းတွေ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရတာကတော့ ထူးခြားဆန်းပြားတဲ့ အကြောင်းအရာ မဟုတ်ပါဘူး။ ဒီဘက်ခေတ်မှာတော့ Big Six ဆိုတဲ့ သတ်မှတ်ချက်ကို ပြောင်းလဲပြင်ဆင်ဖို့ စိန်ခေါ် လာတဲ့အသင်းတွေ ရှိလာပါတယ်။ အထူးသဖြင့် နယူးကာဆယ်အသင်းဖြစ်ပြီး တကယ်လည်း Big Six ရဲ့ နယ်နိမိတ်စည်းကို ချိုးဖျက်ဝင်ရောက်လာပါတယ်။ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတာ မကြာသေးတဲ့ နော်တင်ဟမ်ဖောရက်စ်ကလည်း ထင်မှတ်မထားတဲ့ အမြင့်ပျံမှုနဲ့ အမှတ်ပေးဇယားထိပ်ပိုင်းကို ဆန်တက်လာခဲ့ပါ တယ်။ ပြီးတော့ အက်စတွန်ဗီလာအသင်းကလည်း နည်းပြ အူနိုင်းအမ်မရီရဲ့ ဦးဆောင်မှုအောက်မှာ ထိပ်သီးအသင်းတွေအတွက် အန္တရာယ်ရှိတဲ့အသင်းတစ်သင်း ဖြစ်လာပါတယ်။ တကယ်တော့ Big Six အသင်းတွေသာ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက အခုထက် ပြင်းထန်နေနိုင်ပါတယ်။ ဒါပေမဲ့ မန်ယူနဲ့ စပါးတို့က ဇယားအောက်ခြေနားရောက်တဲ့အထိ ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ သူတို့နှစ်သင်းအတွက်က တတ်နိုင်သမျှ ဒီထက်ပိုမြင့်တဲ့နေရာမှာ ရပ်တည်နိုင်ဖို့ ကြိုးစားရုံသာ ရှိပါတော့တယ်။ ချယ်လ်ဆီးအသင်းကတော့ နည်းပြသစ် မာရက်စကာရဲ့ ဦးဆောင်မှုအောက်မှာ နိမ့်မြင့်တက်ကျများစွာနဲ့ ဖြတ်သန်းခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ (၅)ပွဲဆက်တိုက်အနိုင်ရတဲ့အထိ စွမ်းဆောင်ရည်ကောင်းတဲ့ကာလ ရှိခဲ့ဖူးသလို၊ (၅)ပွဲဆက် နိုင်ပွဲပျောက်တဲ့အထိ ဆိုးရွားခဲ့တဲ့ကာလလည်း ရှိခဲ့ဖူးပါတယ်။ အဲဒီဖြစ်ရပ်နှစ်ခုကို ဆက်တိုက်ရင်ဆိုင်ခဲ့ရခြင်းဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ မတည်ငြိမ်မှုကလည်း အံ့အားသင့်စရာတောင် ကောင်းပါတယ်။ လတ်တလောအနေအထားကတော့ ရလဒ်ကောင်းတွေ ရရှိနေချိန်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ပန်းဝင်ခရီးအတွက် အပေါင်းလက္ခဏာဆောင်ပေမဲ့ ပွဲကျပ်ကာလကို ရင်ဆိုင်ဖို့ လုံလောက်ပါ့မလားဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ အမှတ်ပေးပြိုင်ပွဲတစ်ခုမှာ ကိုယ်တိုင် အကောင်းဆုံးဖြတ်သန်းနိုင်ဖို့အပြင် ပြိုင်ဘက်တွေရဲ့ အခြေအနေကိုလည်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်း ရင်ဆိုင်ရမယ့်အထဲမှာ အမှတ်လုပြိုင်ဘက်တွေဖြစ်တဲ့ နယူးကာဆယ်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ ပါဝင်နေတာကြောင့် အဲဒီပွဲတွေမှာ အနိုင်ရခဲ့ရင် ပိုပြီးအကျိုးရှိမှာ သေချာပါတယ်။ နယူးကာဆယ်ကလည်း အမှတ်လုပြိုင်ဘက်နှစ်သင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ချယ်လ်ဆီးပြီးရင် ပွဲအကျပ်ဆုံးလို့ ဆိုနိုင်ပါတယ်။ အက်စတွန်ဗီလာကလည်း မန်စီးတီးလိုပဲ အမှတ်လုပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရခြင်းမရှိပေမဲ့ စပါး၊ မန်ယူတို့လို ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ရမှာကြောင့် အပြင်းစားစိန်ခေါ် မှုနဲ့ မှတ်ကျောက်တင်ပြရမယ့် အနေအထားဖြစ်နေပါတယ်။ လာမယ့်ရာသီမှာ လီဗာပူူးလ်နဲ့အတူ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရမယ့်အသင်းတွေက ဘယ်သူတွေဖြစ်မလဲ။