Eleven Media Group

မျိုးစေ့မှန်လို့ လောင်းရိပ်အောက်မှာ အပင်သန်နေတဲ့အသင်း

Photo : X

ဘိုလော့ဂ်နာဟာ ရာသီအစမှာ အဓိကကစားသမားတွေဖြစ်တဲ့ ကာလာဖီအိုရီနဲ့ ဇက်ဇီးတို့ကို လက်လွှတ်ခဲ့ရပါတယ်။ ကာလာဖီအိုရီက အသင်းအတွက် အရေးအပါဆုံး အသက်သွေးကြောကစားသမားဖြစ်ပြီး ခံစစ်အတွက်ရော ကစားကွက်တည် ဆောက်မှုအတွက်ပါ အထူးအကျိုးပြုခဲ့ပါတယ်။ ဇက်ဇီးက အသင်းရဲ့ ဂိုးအများဆုံးသွင်းသူ ဖြစ်သလို၊ ကစားကွက်ချိတ်ဆက်မှုနဲ့ တိုက်စစ်တည် ဆောက်မှုအပိုင်းမှာပါ အားကိုးရသူပါ။ အသင်းရဲ့ ခံစစ်၊ တိုက်စစ်နဲ့ ကစားကွက်ဆိုင်ရာ အသည်းနှလုံးတွေကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ ဘိုလော့ဂ်နာတို့ ပြန်ခေါ်ယူတဲ့အထဲမှာ ယူရို(၁၅)သန်းအထက် တစ်ယောက်မှ မပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းအင်ဟာ အသင်းရဲ့စနစ်မှာ ရှိနေတာဖြစ်ခဲ့တယ်။ စနစ်ဆိုတာကတော့ အသင်းကို တည်ဆောက်တဲ့စနစ်ပါပဲ။ ဒီစနစ်ရဲ့ မှန်ကန်ခြင်း မရှိခဲ့ရင် ဘိုလော့ဂ်နာ လွင့်စင်သွားဖို့ များပါတယ်။

ပြန်ပြည့်မြဲစွမ်းအင်နဲ့ မောင်းနှင်တဲ့ အသင်းတွေ ဘောလုံးကမ္ဘာမှာ ဘယ်နှသင်းရှိပါသလဲ။ သေချာတာက အဲဒီခေါင်းစဉ်အောက်မှာ ထိပ်ဆုံးကနေ တွဲချိတ်လာမှာက ဘိုလော့ဂ်နာအသင်း ဖြစ်ပါတယ်။ အသင်းရဲ့ အဓိကကစားသမား ၂ ဦး နဲ့ ပဲ့ကိုင်ရှင်နည်းပြကို ဆုံးရှုံးခဲ့တဲ့အသင်းဟာ အခုအချိန်အထိ တည်ငြိမ်ခိုင်ခံ့မှုကိုပြသကာ ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ နှစ်ပေါင်း(၅၀)ခန့် ဝေးကွာနေတဲ့ ကိုပါအီတာလီယာရဲ့ ဗိုလ်လုပွဲကို တက်ရောက်ထားပါပြီ။ မနှစ်က အံ့ဖွယ်အဖြစ် စွမ်းဆောင်ခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မျှော်လင့်ချက်များစွာ ကျန်ရှိပါသေးတယ်။ လက်ရှိမှာ အဆင့် (၄)နေရာမှာ ရပ်တည်နေတုန်းပဲ။ ၂၀၂၅ ခုနှစ်ထဲမှာ အံ့အားသင့်ဖွယ်ရလဒ်တွေကို ဆက်တိုက်ရယူပြန်ထားတယ်။ ကြီးမားတဲ့ စွမ်းအင်တွေကို ဆုံးရှုံးလိုက်ရပေမဲ့ ဘိုလော့ဂ်နာအသင်း နောက်ကောက်မကျသွားခဲ့ပါဘူး။ သူတို့အတွက် စွမ်းအင်တွေက ပြန်ပြည့်မြဲ ဖြစ်နေခဲ့တယ်။

ဘိုလော့ဂ်နာဟာ ရာသီအစမှာ အဓိကကစားသမားတွေဖြစ်တဲ့ ကာလာဖီအိုရီနဲ့ ဇက်ဇီးတို့ကို လက်လွှတ်ခဲ့ရပါတယ်။ ကာလာဖီအိုရီက အသင်းအတွက် အရေးအပါဆုံး အသက်သွေးကြောကစားသမားဖြစ်ပြီး ခံစစ်အတွက်ရော ကစားကွက်တည် ဆောက်မှုအတွက်ပါ အထူးအကျိုးပြုခဲ့ပါတယ်။ ဇက်ဇီးက အသင်းရဲ့ ဂိုးအများဆုံးသွင်းသူ ဖြစ်သလို၊ ကစားကွက်ချိတ်ဆက်မှုနဲ့ တိုက်စစ်တည် ဆောက်မှုအပိုင်းမှာပါ အားကိုးရသူပါ။ အသင်းရဲ့ ခံစစ်၊ တိုက်စစ်နဲ့ ကစားကွက်ဆိုင်ရာ အသည်းနှလုံးတွေကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ ဘိုလော့ဂ်နာတို့ ပြန်ခေါ်ယူတဲ့အထဲမှာ ယူရို(၁၅)သန်းအထက် တစ်ယောက်မှ မပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းအင်ဟာ အသင်းရဲ့စနစ်မှာ ရှိနေတာဖြစ်ခဲ့တယ်။ စနစ်ဆိုတာကတော့ အသင်းကို တည်ဆောက်တဲ့စနစ်ပါပဲ။ ဒီစနစ်ရဲ့ မှန်ကန်ခြင်း မရှိခဲ့ရင် ဘိုလော့ဂ်နာ လွင့်စင်သွားဖို့ များပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဘိုလော့ဂ်နာဟာ အဓိကကစားသမားတွေအပြင် သူတို့ကို ဒီလို အဆင့်ရောက်လာအောင် ပဲ့ကိုင်ပေးခဲ့တဲ့ နည်းပြ သီယာဂိုမော့တာကိုပါ ဆုံးရှုံးခဲ့ရလို့ပါ။ မော့တာနေရာမှာ ဖီအိုရင်တီးနားနည်းပြဟောင်း ဗီချန်ဇိုအီတာလီယာနိုကို အံကိုက်ခန့်အပ်ခဲ့ခြင်းက အခုလို အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိစေခဲ့တယ်။ ဒါ့အပြင် ဘိုလော့ဂ်နာတို့လို အသင်းငယ်တွေဟာ ဥရောပပြိုင်ပွဲရော လိဂ်ပြိုင်ပွဲပါ ယှဉ်ပြိုင်ဖို့ လုံလောက်တဲ့အင်အား မရှိပါဘူး။ မနှစ်က ထွန်းပေါက်တဲ့ အသင်းလတ်တွေချင်းယှဉ်ရင်တော့ ဘိုလော့ဂ်နာနဲ့ ဂျီရိုနာက အင်အားနည်းအသင်း တွေဖြစ်ပြီး လေဗာကူဆင်နဲ့ အက်စတွန်ဗီလာတို့ က အင်အားအထိုက်အလျောက်ရှိတဲ့၊ ချမ်းသာတဲ့ အသင်းတွေဖြစ်တယ်။ ဂျီရိုနာဟာ ပြိုင်ပွဲ နှစ်ခုကြားဗျာများပြီး ရလဒ်တွေ သိသိသာသာ ဆိုးရွားခဲ့တာ လက်တွေ့ကျတဲ့ သာဓကတစ်ခု ဖြစ်တယ်။ ဘိုလော့ဂ်နာကိုယ်တိုင်လည်း အဲဒီထောင်ချောက်နဲ့ ရင်ဆိုင်ခဲ့ရတယ်။

နည်းပြက အသစ်၊ အဓိကထောက်တိုင်တွေ ထွက်ခွာထားပြီး စိန်ခေါ်မှုကလည်း ကြီးနေတဲ့အချိန် ပြိုင်ပွဲနှစ်ရပ်ကို နွှဲခဲ့ရတာပါ။ အခုဗိုလ်လုပွဲအထိ ရောက်နေတဲ့ ကိုပါအီတာလီယာကို ထည့်တွက်ရင် လမ်းကြောင်းသုံးခုလို့တောင် ပြောလို့ရတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ရာသီအစက ခက်ခဲခဲ့တယ်။ (၁၁)ပွဲမှာ တစ်ပွဲ နိုင်ခဲ့တဲ့အထိ အခြေအနေက ဆိုးရွားခဲ့ပါတယ်။ အခြားတစ်ဖက်က ပြန်ကြည့်ရင်တော့ သူတို့ ရှုံးခဲ့တဲ့ သုံးပွဲကလည်း လီဗာပူးလ်၊ ဗီလာနဲ့ နာပိုလီ။ နောက်ပိုင်းမှာတော့ ခြေစွမ်းသိသိ သာသာတက်လာတယ်။ အီတာလီယာနိုရဲ့ နည်းဗျူဟာနဲ့ ကိုက်လာတဲ့အချိန်မှာ အသင်းက အရှိန်ရလာတယ်။ မတ်လထဲမှာဆိုရင် လာဇီယိုလို အသင်းကို ငါးဂိုးပြတ်သွင်းခဲ့တယ်။

အသင်းရဲ့ကစားဟန်က မော့တာလက်ထက်ကလို မော်ဒန်အသွင်အပြင်နဲ့ ရှိနေဆဲ။ ဥရောပရဲ့ စောင့်ကြည့်ချင်စရာ အသင်းတွေထဲ ပါဝင်တယ်။ မနှစ်က ဘောလုံးပိုင်ဆိုင်မှု ဒုတိယအများဆုံး၊ ဒီနှစ်က တတိယအများဆုံး။ သိပ်မကွာဘူး။ အခု နောက်ပိုင်း ဘောလုံးပိုင်ဆိုင်မှုထက် ပိုသုံးကြတဲ့ Field Tilt ပါ။ ကိုယ့်ရဲ့ Attacking Third Zone ကနေ ဘယ်လောက်အထိ ဖိထားနိုင်သလဲဆိုတာကို တိုင်းတာတဲ့ယူနစ်ဖြစ်တယ်။ (၅၀)ရာခိုင်နှုန်း ထက်ကျော်ရင် တိုက်စစ်ကောင်းတယ်လို့ ယေဘုယျ သတ်မှတ်နိုင်တယ်။ မော့တာလက်ထက်မှာ ဘိုလော့ဂ်ညာရဲ့ Field Tilt က (၅၆)ရာခိုင်နှုန်း၊ ဒီရာသီ အီတာလီယာနိုလက်ထက်မှာ (၆၄.၅)ရာ ခိုင်နှုန်းအထိ ရှိတယ်။ လိဂ်တစ်ခုလုံးမှာ တတိယ အကောင်းဆုံး စွမ်းဆောင်ရည်ပဲ။ Progressive Passes တွေ ပိုပေးနိုင်လာတယ်။ ဂိုးပေါက်ကန်သွင်းခံရမှုမှာ လိဂ်တစ်ခုလုံးရဲ့ အနည်းဆုံး ဖြစ်တယ်။ ဒါတွေက အီတာလီယာနိုလက်အောက်က ဘိုလော့ဂ်နာရဲ့ အံ့မခန်းစွမ်းဆောင်ရည်တွေပါ။

အီတလီနာမည်ကျော် ဂျာနယ်လစ်တစ်ဦး ဖြစ်တဲ့ အန်ဒရီဇီယာဘရော့ခီကတော့ "စီးရီးအေက နည်းဗျူဟာပိုင်းကျွမ်းကျင်မှုနဲ့ ယဉ်ပါးပြီးသား အသင်းပါ။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ကမ္ဘာ့ဘောလုံးရေစီးကြောင်းက ရုတ်တရက် ပြောင်းလဲသွားပြီး အီတလီအသင်းတွေက ဒီအပြောင်းအလဲကို ချက်ချင်းလိုက်နိုင်ဖို့ ခက်ခဲခဲ့တယ်။ အမြဲတမ်း နည်းဗျူဟာပိုင်း ဦးဆောင်သူနေရာက ရှိခဲ့တဲ့ လိဂ်ပြိုင်ပွဲဟာ ဒီအပြောင်းအလဲမှာ အသင်းတော်တော်များများ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသင်းကြီးတချို့ကတော့ အခြေအနေကို လျင်လျင်မြန်မြန် အထိုင်ကျအောင် လုပ်နိုင်ခဲ့ကြတယ်။ ဒီအထဲမှာ ထူးခြားတဲ့အသင်းက ဘိုလော့ဂ်နာပါ။ ဒီအသင်းက သူ့ဟာနဲ့သူ ခက်ခဲဖို့ ဖန်တီးထားတဲ့ အသင်းဖြစ်ပြီး အဓိကကစားသမားတချို့နဲ့ အရည်အသွေးမြင့် နည်းပြတစ်ဦးကို ဆုံးရှုံးထားခဲ့တယ်။ ဒါပေမဲ့ ဘိုလော့ဂ်နာက အပြောင်းအလဲကို ရှိရင်းစွဲ လူအင်အားနဲ့ ခပ်မြန်မြန်လိုက်နိုင်ခဲ့တယ်။ ဒါကြောင့်လည်း ဘိုလော့ဂ်နာက ဒီရာသီ စီးရီးအေရဲ့အံ့သြစရာအကောင်းဆုံးအသင်းလို့ ဆိုရပါမယ်"လို့ သုံးသပ်ခဲ့တယ်။

အီတာလီယာနိုဟာ ဖီအိုရင်တီးနားနဲ့အတူ ကွန်ဖရန့်လိဂ်ဗိုလ်လုပွဲ နှစ်ကြိမ်၊ ကိုပါအီတလီယာ ဗိုလ်လုပွဲတစ်ကြိမ် တက်ခဲ့တယ်။ ကိုပါမှာ ဆီမီးဖိုင်နယ်နောက်ထပ် နှစ်ကြိမ် ရောက်ခဲ့တယ်။ အခု ဘိုလော့ဂ်နာကို ဗိုလ်လုပွဲ ထပ်ပို့ပေးထားပြန်တယ်။ ဆန်တီယာဂိုကက်စထရိုက ဒီရာသီမှာ ထွန်းပေါက်ကာ ဇက်ဇီးနေရာ အစားဝင်နိုင်ခဲ့သလို၊ ရှိရင်းစွဲ အန်ဒွိုင်းကလည်း အားကိုးရတယ်။ အလွတ်နဲ့ ခေါ် ယူလိုက်တဲ့ ဟွမ်မာရန်ဒါရဲ့ခြေစွမ်းကလည်း အံ့မခန်း။ အသင်းတစ်သင်းဟာ ကစားသမားနဲ့ နည်းပြတွေကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ဘယ်လိုအသွေးအမွေးမျိုး ရှိနိုင်သလဲဆိုတာ ဘိုလော့ဂ်နာက ပြသနေတယ်။

ဘိုလော့ဂ်နာကို ဒီလိုစီမံပေးနေတဲ့ ဂုရုကတော့ ဂျီယိုဗန်နီဆာတိုရီ ဖြစ်ပါတယ်။ ဆာတိုရီက အသင်းကို ၂၀၂၂ ခုနှစ်မှာ စတင်ရောက်ရှိခဲ့သူ ဖြစ်ပြီး သူ့လက်အောက်မှာ အသင်းက တရိပ်ရိပ် တိုးတက်လာခဲ့တယ်။ မီဟိုင်းလိုဗစ်ချ် ဆုံးပါးသွားတဲ့နောက်မှာ သီယာဂိုမော့တာကို ယုံကြည်စွာ ခန့်အပ်ခဲ့သူဖြစ်ပြီး၊ မော့တာ မရှိတော့ အီတာလီယာနိုနဲ့ မှန်ကန်စွာ အစားထိုးနိုင်ခဲ့တယ်။ ဘတ်ဂျက်အနည်းငယ်နဲ့ စွမ်းဆောင်ရည်ကြီးသူတွေကို ခေါ်ခဲ့တယ်။ ဇစ်ခ်ဇီး၊ လူကူမီ၊ သီယေထီ၊ အေဘစ်ရှာ၊ လူးဝစ်ဖာဂူဆန်၊ ကာလာဖီအိုရီ၊ ဘျူကီမာ၊ အန်ဒွိုင်းအစရှိသဖြင့် အခုလို ဘိုလော့ဂ်နာရယ်လို့ ဖြစ်လာစေတဲ့ ကစားသမားတွေဟာ သူ့လက်ရာ တွေချည်းပဲ။ တချို့ကို ဈေးကောင်းကောင်းနဲ့ ရောင်းချပြီးပြီ။ တချို့က အသင်းရဲ့ အမာခံအသင်းသား တွေ ဖြစ်နေတယ်။ ဝယ်သမျှ၊ ရောင်းသမျှ ရာခိုင် နှုန်းပြည့်၊ အားလုံးအောင်မြင်နေတာတော့ မဟုတ်ပေမဲ့ ဆာတိုရီရဲ့ အောင်မြင်မှုရာခိုင်နှုန်းက ဂုဏ်ထူးမှတ်ကျော်လို့ (၉၀)မှတ်နားတောင် ကပ်ပါလိမ့်မယ်။ သူဟာ အတ္တလန်တာအသင်းကိုလည်း အခုလို ခေတ်တစ်ခေတ်ဖြစ်လာအောင် အုတ်မြစ်ချပေးနိုင်ခဲ့သူမဟုတ်လား။

လက်ရှိ ဘိုလော့ဂ်နာဟာ စိမ်းလန်းတဲ့ ဘောလုံးသင်ခန်းစာတစ်ခုကို ပြသနေပါတယ်။ မှန်ကန်တဲ့ စီမံခန့်ခွဲမှုအောက်မှာ အသင်းတစ်သင်းဟာ ဘယ်လိုမျိုး ပုံစံကျနိုင်သလဲဆိုတာကို ပြသနေပါတယ်။ ရာသီမသိမ်းသေးလို့ ကံသေကံမပြောလို့ မရသေးပါဘူး။ ဒါပေမဲ့ ဒီလောက်အထိ လုပ်ပြနေတာကိုက ဂုဏ်ထူးထွက်နေပါပြီ။ နှစ်ပေါင်း(၅၀)ကျော် ဝေးကွာနေတဲ့ မေဂျာဆုဖလား မျှော်လင့်ချက်တစ်ခု၊ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေက သူတို့ကို ရှင်သန်စေပါတယ်။ ကြီးမားတဲ့ ဆုံးရှုံးမှု တွေကြားထဲက သူတို့ဟာ အခြေအနေ ပျက်ယွင်း ခြင်း မရှိခဲ့ပါဘူး။ လူငယ်ကစားသမားကောင်းတွေနဲ့ အနာဂတ်ကောင်းတစ်ခုဆီ တူရူလျှောက်လှမ်းနေ ပါတယ်။ မျိုးစေ့မှန်ရင် အပင်သန်ဖို့ ရှိပါလိမ့်မယ်။ ဘိုလော့ဂ်နာအသင်းဟာ လောင်းရိပ်တွေ ရှိနေရင်တောင် ရအောင် ထိုးထွက်နေတဲ့ အသင်းတစ်သင်းအဖြစ် မြင်နေရပါတယ်။

မူရင်းသတင်း — Eleven Media Group