
စပိန်၊ ရီးယဲလ်မက်ဒရစ်နှင့် ဝက်စ်ဟမ်းအသင်းတို့၏ နည်းပြဟောင်း လိုပယ်တယ်ဟီသည် ကာတာလက်ရွေးစင်အသင်း၏နည်းပြအဖြစ် ၂၀၂၇ ခုနှစ်အထိ စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။
လိုပယ်တယ်ဟီ(၅၈ နှစ်)သည် ပေါ်တို၊ ဆီဗီလာနှင့် ဝုလ်ဗ်အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဆီဗီလာအသင်းနှင့်အတူ ယူရိုပါလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ဖူးသူဖြစ်သည်။
လိုပယ်တယ်ဟီသည် ၂၀၂၄ နွေရာသီတွင် ဝက်စ်ဟမ်းအသင်း၏နည်းပြအဖြစ် (၂)နှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
ယခုအခါ ကာတာဘောလုံးအဖွဲ့ချုပ်က ၎င်းကို လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။
ကာတာဘောလုံးအဖွဲ့ချုပ်သည် ယခုနောက်ပိုင်းနှစ်များတွင် လက်ရွေးစင်အသင်းနည်းပြအဖြစ် စပိန်နည်းပြများကို ဆက်တိုက်ခန့်အပ်လျက်ရှိရာ လိုပယ်တယ်ဟီသည် နောက်ဆုံး(၂) နှစ်အတွင်း၌ (၃)ဦးမြောက် ခန့်အပ်ခံရသည့် စပိန်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။
လိုပယ်တယ်ဟီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ကာတာဘောလုံးအဖွဲ့ချုပ်က ''စပိန်နည်းပြ လိုပယ်တယ်ဟီကို ကာတာလက်ရွေးစင်အသင်းရဲ့နည်းပြသစ်အဖြစ် ၂၀၂၇ ခုနှစ်အထိ စာချုပ်နဲ့ တရားဝင်ခန့်အပ်လိုက်ပါပြီ။ လိုပယ်တယ်ဟီဟာ ကာတာလက်ရွေးစင်အသင်းရဲ့နည်းပြအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားလက်ကျန်ခြေစစ်ပွဲတွေမှာ စတင်ဆောင်ရွက်ရမှာဖြစ်ပြီး အီရန်နဲ့ ယှဉ်ပြိုင်ရမယ့် အိမ်ကွင်းပွဲက သူ့ရဲ့ ပထမဆုံးပွဲ ဖြစ်လာမှာပါ''ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ကာတာလက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးမရှိတော့ဘဲ စတုတ္ထအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရန်သာ ကြိုးပမ်းရတော့မည်ဖြစ်သည်။
ကာတာဘောလုံးအဖွဲ့ချုပ်က လိုပယ်တယ်ဟီအား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းမှာ ၂၀၂၇ အာရှဖလားပြိုင်ပွဲအတွက် အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။