Eleven Media Group

ရိုဒရီနှင့် ဟာလန်းတို့ လေ့ကျင့်မှုပြန်လုပ်နေပြီဟု ဂွါဒီယိုလာ အတည်ပြု

Photo: X

မန်စီးတီးနည်းပြ ဂွါဒီယိုလာက စပိန်ကွင်းလယ်ကစားသမား ရိုဒရီနှင့် နော်ဝေတိုက်စစ်မှူး ဟာလန်းတို့ လေ့ကျင့်မှုပြန်လုပ်နေပြီဟု အတည်ပြုပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် Ballon d'Or ဆု ရရှိခဲ့သည့် ရိုဒရီသည် ဒူူးအရွတ်ဒဏ်ရာ(ACL) ကြောင့် စက်တင်ဘာလကတည်းက အနားယူခဲ့ရခြင်းဖြစ်ပြီး ဟာလန်းမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် မတ်လတွင် အနားယူခဲ့ရခြင်းဖြစ်သည်။
ယခုအခါ အဆိုပါကစားသမားနှစ်ဦးစလုံး လေ့ကျင့်မှု ပြန်လုပ်နိုင်ပြီဖြစ်ကြောင်း ဂွါဒီယိုလာက ကြာသပတေးနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
''အာလင်း(ဟာလန်း)နဲ့ ရိုဒရီတို့ လေ့ကျင့်မှုပြန်လုပ်နိုင်တဲ့အတွက် ကျွန်တော်တို့ တကယ့်ကို ကျေနပ်မိပါတယ်။ သူတို့ ပြန်ကစားနိုင်ပြီလို့ ဆရာဝန်တွေက ပြောပါတယ်။ လေ့ကျင့်ရေးအစီအစဉ်မှာ ရိုဒရီရဲ့ ခံစားမှုကောင်းမွန်နေပြီလို့လည်း ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စောင့်ရဦးမှာပါ။ ဒဏ်ရာပြန်ရသွားမှာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ကွင်းလယ်ကစားသမား ရိုဒရီကို တစ်ရာသီလုံးနီးပါး အနားပေးခဲ့ရခြင်းကြောင့် ယခုရာသီတွင် ခြေစွမ်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။
ဂွါဒီယိုလာသည် ရိုဒရီကို အလျင်စလိုအသုံးပြုဖွယ်မရှိသော်လည်း FA ဖလားဗိုလ်လုပွဲ၌ ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group