
ဘာစီလိုနာအသင်း၏ စပိန်လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည့် လာမင်းယမားလ်၏ အသက် (၁၇) နှစ်အရွယ်တွင် ပြသနေသည့် စွမ်းဆောင်ရည်မှာ အာဂျင်တီးနားဂန္ထဝင်ကစားသမား လီယွန်နယ်မက်ဆီနှင့် ပေါ်တူဂီဂန္ထဝင်တိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့ ပြသခဲ့သည့် စွမ်းဆောင်ရည်ထက် များစွာသာလွန်ကောင်းမွန်နေကြောင်း သိိရှိရသည်။
ယမားလ်သည် အင်တာမီလန်အသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အပြီးတွင် ဘာစီလိုနာအသင်းအတွက် စုစုပေါင်းပွဲ (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
သူသည် ပွဲ (၁၀၀) ကစားပြီးချိန်တွင် သွင်းဂိုး ပါဝင်ပတ်သက်မှု စုစုပေါင်းမှာ (၅၅)ကြိမ်အထိရှိနေပြီး၊ သွင်းဂိုး (၂၂) ဂိုးနှင့် ဂိုးဖန်တီးမှု (၃၃) ကြိမ်အထိ ပြုလုပ်ထားနိုင်ခြင်းလည်းဖြစ်သည်။
ယမားလ်သည် ယင်းကဲ့သို့ ပွဲအရေအတွက် မှတ်တမ်းကောင်းနှင့် သွင်းဂိုး ပါဝင်ပတ်သက်မှု မှတ်တမ်းကောင်းတို့ကို အသက် (၁၇) နှစ်အရွယ်တွင် ပြုလုပ်ထားခြင်းလည်းဖြစ်သည်။
မက်ဆီသည် အသက် (၁၇) နှစ်အရွယ်၌ ဘာစီလိုနာအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခါစဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံတွင် (၉) ပွဲသာ ကစားထားရသေးသည်။
ယင်း (၉) ပွဲတွင် သွင်းဂိုး (၁) ဂိုးသာ ရရှိခဲ့သလို၊ ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မျှပြုလုပ်နိုင်ခြင်းမရှိခဲ့ချေ။
စီရော်နယ်လ်ဒိုမှာမူ ယင်းအသက်အရွယ်တွင် စပို့တင်းလစ္စဘွန်းအသင်း၌ စတင်ပေါ်ထွက်လာခဲ့ပြီးနောက် စုစုပေါင်း (၁၉) ပွဲ ကစားထားကာ သွင်းဂိုး(၅) ဂိုးနှင့် ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ထားနိုင်ခဲ့သည်။
ထို့ပြင် ယမားလ်သည် စပိန်လက်ရွေးစင်အသင်းအတွက် အသက် (၁၆) နှစ်အရွယ်တွင် ကိုယ်စားပြုကစားခွင့်ရရှိခဲ့သလို ယင်းအသက်အရွယ်တွင်ပင် ယူရိုပြိုင်ပွဲကိုလည်း ဝင်ရောက်ကစားခွင့်ရရှိခဲ့ရာ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် ယင်းအသက်အရွယ်တွင် လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုခွင့်မရရှိသေးချေ။
ထို့ပြင် လက်ရွေးစင်အသင်းကြီးနှင့်အတူ နိုင်ငံတကာ အောင်မြင်မှုကိုလည်း မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် အသက် (၃၀) ဝန်းကျင်မှသာ ရရှိခဲ့ကြခြင်းဖြစ်ပြီး ယမားလ်မှာမူ အသက် (၁၆) နှစ်အရွယ်တွင်ပင် ယူရိုပြိုင်ပွဲချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို၊ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးအသင်းတွင်လည်း ပါဝင်ခဲ့သည်။
ထို့ပြင် ယမားလ်သည် ယခုရာသီတွင်လည်း ဘာစီလိုနာအသင်းနှင့်အတူ တစ်ရာသီအတွင်း ဖလားသုံးလုံး ချန်ပီယံအောင်မြင်မှုကို ရယူနိုင်ရန် နီးစပ်နေပြီဖြစ်ကာ အသင်း၏ အဓိက ကစားသမားအဖြစ် အောင်မြင်မှုများ ရယူနိုင်ဖွယ်ရှိနေခြင်းဖြစ်သည်။
ယခုအသက်အရွယ်၌ Ballon d'Or ဆုအတွက် ဆန်ခါတင်စာရင်း ဝင်နိုင်သည့် အခြေအနေမှာလည်း မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ မလုပ်နိုင်ခဲ့သည့်အရာဖြစ်နေသည်။