
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် လာမည့် ဇွန်(၁)ရက်မှစ၍ အမျိုးသမီးဘောလုံးပြိုင်ပွဲများ၌ လိင်ပြောင်းထားသည့် ကစားသမားများကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားမှ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသည့် ကစားသမားများကို အင်္ဂလန်နိုင်ငံတွင် လက်ရှိအချိန်အထိ ယှဉ်ပြိုင်ကစားခွင့်ပြုထားသော်လည်း လာမည့်ရာသီမှစ၍ ပိတ်ပင်သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း FA က ကြာသပတေးနေ့တွင် အတည်ပြုကြေညာခဲ့သည်။
''ကျွန်တော်တို့ရဲ့ လက်ရှိမူဝါဒအရ လိင်ပြောင်းထားတဲ့ အမျိုးသမီးတွေကို အမျိုးသမီးပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ဧပြီ(၁၆)မှာ နိုင်ငံတော်တရားရုံးချုပ်က ချမှတ်လိုက်တဲ့စည်းမျဉ်းအရ ကျွန်တော်တို့ရဲ့ မူဝါဒကို အပြောင်းအလဲလုပ်သွားမှာပါ။ လိင်ပြောင်းထားတဲ့ အမျိုးသမီးတွေအနေနဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ရတော့မှာမဟုတ်ပါဘူး။ ဒီမူဝါဒက ဇွန် (၁)ရက်မှာ စတင်သက်ရောက်မှာပါ''ဟု FA ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
စကော့တလန်ဘောလုံးအဖွဲ့ချုပ်ကလည်း လိင်ပြောင်းထားသူများကို ယှဉ်ပြိုင်ခွင့်ပိတ်ပင်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။