
ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်က လာမည့်နွေရာသီတွင် အသင်းတိုက်စစ်ကစားသမား အမ်ဘူမိုအား ထိုက်တန်သည့်စျေးရပါက ရောင်းထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၅)နှစ်အရွယ်ရှိ ကင်မရွန်းလက်ရွေးစင်တိုက်စစ်ကစားသမား အမ်ဘူမိုသည် ယခုရာသီတွင် ဘရန့်ဖို့ဒ်အသင်းအတွက် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် (၃၄) ပွဲတွင် (၁၈) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားသည်။
ထို့ကြောင့် ၎င်းအား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် လီဗာပူးလ်၊ အာဆင်နယ်၊ စပါးအသင်းတို့အပါအဝင် ဥရောပကလပ်အသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရသည်။
ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က ၎င်းတို့အသင်းမှာ ကစားသမားကောင်းများကို ရောင်းစားသည့်အသင်းဖြစ်ပြီး အမ်ဘူမိုကိုလည်း ထိုက်တန်သည့်စျေးရပါက ရောင်းထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သောမတ်စ်ဖရန့်က "ကျွန်တော်တို့အသင်းက ကစားသမားကောင်းတွေကို ရောင်းချတဲ့ အသင်းပါ။ ဒီတော့ တကယ်လို့ အမ်ဘူမိုအတွက် ထိုက်တန်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာမယ်ဆိုရင် သူ့ကို ရောင်းချပါလိမ့်မယ်။ ဒါပေမဲ့ အမ်ဘူမိုရဲ့ ပြောင်းရွှေ့ကြေးကတော့ စျေးကြီးမှာပါ"ဟု ပြောကြားခဲ့သည်။
ဘရန့်ဖို့ဒ်အသင်းနှင့် ချုပ်ဆိုထားသည့် အမ်ဘူမို၏လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိသည်ဆိုသောအချက် ပါဝင်ကြောင်း သိရသည်။