
ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီတွင် အသင်းကွင်းလယ်ကစားသမား လာဗီယာအား ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရှိရသည်။
အသက် (၂၁) နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား လာဗီယာသည် ၂၀၂၃ နွေရာသီတွင် ဆောက်သမ်တန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင် (၅၃) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် ချယ်လ်ဆီးအသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေပြီး အသင်းအတွက် (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၁၅) ပွဲသာ ကစားထားရသည်။
ယခုအခါ ချယ်လ်ဆီးအသင်းသည် လာဗီယာအပေါ် စိတ်ကုန်လာပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် လာဗီယာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) အလိုရှိနေကြောင်း သိရှိရသည်။
ချယ်လ်ဆီးအသင်းသည် လာမည့်နွေတွင် လာဗီယာအပြင် အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ဖိုဖာနာ၊ ချာလိုဘာ၊ ရောဘတ်ဆန်းချက်ဇ်နှင့် ဂျော်အိုဖေးလစ်ရှ်တို့ကိုလည်း ရောင်းထုတ်ဖွယ်ရှိနေကြောင်း သိရသည်။