Eleven Media Group

■ ဗိုလ်လုပွဲတက်ရောက်ပြီဟု မဆိုနိုင်သေးကြောင်း မန်ယူအသင်းနည်းပြ အာမိုရင်မ် သတိပေး

Photo: UEFA

မန်ယူအသင်းနည်းပြ အာမိုရင်မ်က ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အဝေးကွင်း ဂိုးပြတ်နိုင်ပွဲရထားသော်လည်း ဗိုလ်လုပွဲတက်ရောက်ပြီဟု မဆိုနိုင်သေးကြောင်း ကစားသမားများအား သတိပေးပြောကြားသည်။
ပထမပိုင်း (၃၅) မိနစ်မှာပင် နောက်ခံလူ ဒန်နီဗီဗီယန် အနီကတ်ဖြင့် ထုတ်ပယ်ခံရသောကြောင့် ဘီလ်ဘာအိုအသင်း တစ်ယောက်လျော့သွားပြီး မန်ယူအသင်းအတွက် အနိုင်ဂိုးများကို မိနစ် (၃၀) တွင် ကက်စီမီရိုနှင့် (၃၇) မိနစ် (ပယ်နယ်တီ)၊ (၄၅) မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်က သွင်းယူပေးခဲ့သည်။

ဒုတိယအကျော့ ပွဲစဉ်ကို မေ (၈) ရက်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း ၌ ပြန်လည်ကစားရမည်ဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ၂၀၂၀-၂၀၂၁ ရာသီနောက်ပိုင်း လေးနှစ်အကြာတွင် ဗိုလ်လုပွဲသို့ တစ်ကျော့ပြန်တက်ရောက်နိုင်ရန် အခြေအနေကောင်း ပိုင်ဆိုင်ထားပြီဖြစ်သည်။
သို့သော် အာမိုရင်မ်က "ကျွန်တော်တို့ ဂိုးတွေထပ်သွင်းဖို့ အခွင့်အရေးတွေရခဲ့ပါတယ်။ ဒါပေမဲ့ ပွဲမပြီးသေးပါဘူး။ အိုးလ် ထရက်ဖို့ဒ်မှာ အလားတူရလဒ်မျိုး ဖြစ်နိုင်ပါသေးတယ်။ ကျွန်တော်တို့ ပြင်ဆင်ထားဖို့လိုပါတယ်။ ဒါက အကောင်းဆုံးရလဒ်ပါ။ ဘာလို့လဲဆိုတော့ ဒီလိုရလဒ်မျိုး ဘယ်သူမှမမျှော်လင့်ထားလို့ပါ။ ဒါပေမဲ့ ဒီနေ့ပွဲမှာ ပွဲစဉ်နှစ်ပွဲကို ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ ပထမပိုင်း ၂၅ မိနစ်မှာ ပထမပွဲ၊ ဂိုးသွင်းပြီးတော့ လူထုတ်ခံရပြီးနောက်မှာ ဒုတိယပွဲပါ။ ပထမပိုင်း မိနစ် ၃၀ မှာ သူတို့ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတွေရခဲ့တယ်။ သူတို့သာ ဂိုးသွင်းနိုင်ခဲ့ရင် ကွဲပြားခြားနားတဲ့ပွဲတစ်ပွဲ ဖြစ်သွားမှာပါ"ဟု သတိပေးပြောကြားသည်။

မန်ယူနောက်ခံကစားသမား မက်ဂွိုင်းရားကလည်း ဘီလ်ဘာအိုအသင်းကို အဝေးကွင်းတွင် (၃-၀) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပွဲမပြီးသေးကြောင်း အသင်းဖော်များကို သတိပေးခဲ့သည်။

မူရင်းသတင်း — Eleven Media Group