
ရီးယဲလ်မက်ဒရစ်အသင်း၏ ကိုယ်ပိုင် ရုပ်သံလိုင်းဖြစ်သည့် Real Madrid TV သည် ၎င်းတို့ပွဲကို တာဝန်ယူကိုင်တွယ်မည့် ဒိုင်လူကြီးများအား ဝေဖန်တိုက်ခိုက်မှုပြုလုပ်လျက်ရှိပြီး ဆယ်လ်တာဗီဂိုနှင့်ပွဲတွင် တာဝန်ယူမည့် ဒိုင်လူကြီး ဂီလ်မန်ဇာနိုကိုလည်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရ သည်။
မန်ဇာနိုသည် ၂၀၂၃-၂၀၂၄ ရာသီပွဲစဉ်အဖြစ် ပြီးခဲ့သည့်နှစ် မတ်လအတွင်းကစားခဲ့သည့် ဗလင်စီယာ (၂-၂) ရီးယဲလ်ပွဲတွင် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အချို့ ချမှတ်ခဲ့သူဖြစ်သည်။
ယင်းပွဲတွင် ရီးယဲလ်အသင်းမှာ နှစ်ဂိုးအရှုံးမှ သရေရလဒ်အထိ လိုက်ကစားနိုင်ခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပို၌ ထောင့်ကန်ဘောရရှိခဲ့သည်။
အဆိုပါထောင့်ကန်ဘောမှာ ခေါင်းတိုက်ရှင်းထုတ်ခံရသော်လည်း ဘရာဟင်ဒီယက်ဇ်ရရှိသွားပြီး ညာခြမ်းမှဖြတ်တင်ဘောပေးပို့မှုကို ဘယ်လင်ဂမ် ခေါင်းတိုက်သွင်းယူရာ ဂိုးဝင်သွားသော်လည်း မန်ဇာနိုက ဖြတ်တင်ဘောမကန်ခင်မှာပင် ပွဲသိမ်းခရာမှုတ်ခဲ့ခြင်းဖြစ်သည်။
Real Madrid TV က ယင်းဖြစ်ရပ်ကို ရည်ရွယ်၍ ယခုတစ်ပတ် ဆယ်လ်တာဗီဂိုနှင့်ပွဲမတိုင်မီ "မကြာသေးခင်က ဒိုင်လောက အကြီးမားဆုံးအရှုပ်တော်ရဲ့ အဓိကလူ"ဟု ဝေဖန်တိုက်ခိုက်ခဲ့သည်။
စပိန်အခြေစိုက် Marca သတင်းဌာန၏ ဖော်ပြမှုအရ ရီးယဲလ်အသင်းသည် မန်ဇာနို ကိုင်တွယ်သည့် စုစုပေါင်း (၅၂) ပွဲတွင် ပွဲ (၄၀) အနိုင်ရထားကြောင်း သိရသည်။
Real Madrid TV သည် ပြီးခဲ့သည့်တစ်ပတ်က El Clásico ပြိုင်ဘက် ဘာစီလိုနာအသင်းနှင့်ကစားသည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမတိုင်မီတွင်လည်း ယင်းပွဲအားကိုင်တွယ်မည့် ဒိုင်လူကြီး ဒီဘာဂို့စ်ကို ဝေဖန်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။